မူကြိုကတည်းကနေ အခုအချိန်ထိ ကျောင်းတစ်ရက်မှ မပျက်ဖူးတဲ့ ကျောင်းသူလေး

26-6-2020-yyl-032.jpg

မူကြိုကနေစပြီး တက္ကသိုလ်တက်တဲ့အထိ ကျောင်းတစ်ရက်မှ မပျက်ဖူးတဲ့သူရှိလား။ ဘယ်သူမဆို တစ်ခါတလေတော့ ကျောင်းပျက်ဖူးကြမယ်လို့ ထင်ကြတယ်မလား။ တကယ်တော့ ကျောင်းတစ်ရက်မှ မပျက်ဖူးတဲ့သူရှိပါတယ်နော်။ နယူးယောက်ခ်မြို့က ကျောင်းသူလေး အာရှန်တီ ပါလ်မာဟာ မကြာသေးခင် Nellie A.Thornton High School ကနေ ဘွဲ့ရရှိခဲ့တဲ့အပြင် ကျောင်းတတ်မှန်တဲ့ဆုကိုလည်း ရရှိခဲ့ပါတယ်။ အသက် (၁၇) နှစ်အရွယ် အာရှန်တီက မူကြိုကတည်းက ကျောင်းတစ်ရက်မှ မပျက်ခဲ့ဖူးကြောင်းနဲ့ ကောလိပ်တက်ရင်လည်း ဒါကို ဆက်လက်ထိန်းသွားဖို့ ဆန္ဒရှိကြောင်းပြောပါတယ်။

“ကျောင်းသွားရတာက ကျောင်းတက်နေရတယ်လို့ ကျွန်မ မခံစားရပါဘူး။ မင်းတို့ တစ်ရက်လောက်တော့ ကျောင်းပျက်ဖူးမယ်ဆိုတာ ကျွန်မသိတယ်။ ကျောင်းပျက်မယ်ဆိုရင် သင်ခန်းစာတွေ လွှတ်ပြီး နောက်ကနေ ကျန်ရစ်နေမှာဆိုးတာကြောင့် ကျွန်မ ကျောင်းမပျက်ခဲ့ဘူး။ သင်ခန်းစာတွေလွှတ်သွားမှာ နောက်ကောက်ကျန်နေခဲ့မှာကို ကျွန်မမုန်းတာ သူငယ်ချင်းတွေ သိပါတယ်။ ဒါကြောင့် ကျောင်းတက်ရတာက ကျွန်မအတွက် သာမန်ပါပဲ”လို့ အာရှန်တီက ပြောပါတယ်။ အာရှန်တီဟာ ပျှမ်းမျှအမှတ် ၉၉.၀၈ နဲ့ အထက်တန်းကျောင်းကနေ ဘွဲ့ရခဲ့ပါတယ်။ ကော်လိပ် (၁၈) ခုကနေလည်း ဝင်ခွင့်ကမ်းလှမ်းစာရရှိခဲ့တဲ့အပြင် ပညာသင်ဆု ဒေါ်လာ ၄၃၀,၀၀၀ ကျော်လည်း ရရှိခဲ့ပါတယ်။ ကျောင်းအုပ်ဆရာမကလည်း အာရှန်တီက အမြဲကျောင်းတက်မှန်တဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။

အာရှန်တီက National Honor Society အဖွဲ့အစည်းရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး ပရိုဂရမ် တော်တော်များများလည်း ပါဝင်ခဲ့ပါတယ်။ သူ အကြိုက်ဆုံးဘာသာရပ်က သင်္ချာဖြစ်ပြီး AP သင်တန်းများစွာကိုလည်း တက်ရောက်ခဲ့ပါတယ်။ သူက သင်ခန်းစာတွေပေါ် အာရုံမစိုက်နိုင်တဲ့အခါ စာဖတ်တာ၊ ကဗျာရေးတာ၊ အန်နီမေးရှင်းဇာတ်ကားတွေကြည့်တာ၊ သီချင်းနားထောင်တာတွေလုပ်ဖြစ်ပါတယ်။ အာရှန်တီက Rensselaer Polytechnic Institute တက္ကသိုလ်မှာ biomedical engineering ဘာသာရပ်ကို သင်ယူတော့မှာဖြစ်ပါတယ်။ ဂျူနီယာကျောင်းသူ/သားတွေအတွက် သူ့ရဲ့အကြံပေးမှုကတော့ “သင့်ရဲ့ကိုယ်ပိုင်အောင်မြင်မှုအတွက် အာရုံစိုက်ထားပါ။ အခြားသူတွေကို ကြည့်ပြီး Inspiration ယူပါ။ ဒါပေမဲ့ မနာလိုစိတ်နဲ့ ဘယ်တော့မှမကြည့်ပါနဲ့။ ကျွန်မတို့အားလုံးက ကိုယ်လမ်းကိုယ်ဖောက်နေကြရတာပါ။ အဲဒီရည်မှန်းချက်ပန်းတိုင်အတွက် အာရုံစိုက်နိုင်ပါစေ”

ဟိုအရင်နှစ်တွေတုန်းက ရခဲ့တဲ့ ကျောင်းတက်မှန်တဲ့ဆုတွေကို သိမ်းထားလားလို့ အာရှန်တီကိုမေးကြည့်တဲ့အခါမှာတော့ “နှစ်တစ်နှစ်တိုင်းအတွက် အမှတ်အသားတွေပါပဲ။ ကျွန်မရဲ့အမေက အကုန်လုံးကို သိမ်းထားပါတယ်”လို့ အာရှန်တီက ပြောပါတယ်။

Ref: ABC “This valedictorian hasn’t missed a day of school since pre-K”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top