စမ်းချောင်းမြို့နယ်အတွင်းက မီးလောင်းကျွမ်းမှုကြောင့် အဆောက်အဦ ၃ လုံး ပျက်စီးဆုံးရှုံး

fire1.jpg

ရန်ကုန် ဩဂုတ် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မုန့်လုပ်ဆောင်းကုန်း(တောင်)ရပ်ကွက်၊ ဘာဝနာလမ်း (ဟံသာဝတီအဝိုင်းအနီး)မှာ နေ့လယ် ၁၂ နာရီအချိန်က Level 2 အဆင့်ရှိတဲ့ မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွားခဲ့ပြီးတော့ လူနေအိမ်အဆောက်အဦ ၃ လုံး လောင်ကျွမ်းပျက်စီးခဲ့ပါတယ်။

”လျှပ်စစ်မိန်းဘရိတ်ကာကနေ စလောင်တယ်လို့ လျှပ်စစ်ဌာနကရော၊ မီးသတ်ဌာနကပါ အတည်ပြုပါတယ်။ အဓိကက လူမရှိဘဲ တံခါးပိတ်ထားတဲ့အတွက် မီးများတော့မှပဲ အပြင်ကလူတွေက သိကြရလို့ပါ”လို့ အနောက်ပိုင်း ခရိုင်မီးသတ်ဦးစီးမှူး ဦးဌေးဝင်းက ပြောပါတယ်။

အခုလိုမီးလောင်ကျွမ်းမှုကြောင့် အုတ်ညှပ်အဆောက်အဦတစ်လုံး၊ ပြင်ထောင်အိမ်အပေါ်ထပ်နဲ့ သံကူ ကွန်ကရိအမျိုးအစားအဆောက်အဦအပေါ်ထပ်တို့ လောင်ကျွမ်းပျက်စီးခဲ့ရာမှာ ဆုံးရှုံးမှုတန်ဖိုး ၇၅ သိန်းကျော် ရှိတယ်လို့ ဦးဌေးဝင်းက ဆိုပါတယ်။

”ညှော်စော်နံလို့ဆိုပြီး အောက်ထပ်ဆင်းကြည့်လိုက်တဲ့အချိန်မှာ ခြေရင်းအိမ်က မီးခိုးတွေအူထွက်လာတာနဲ့ ဆင်းပြေးလာကြတာ။ ပစ္စည်းတွေယူမယ်လုပ်တော့လည်း မီးခိုးတွေက အထဲဝင်လာပြီးချက်ချင်းလောင်သွားတာနဲ့ ဘာမှယူလို့မရခဲ့ဘူး”လို့ ပြင်ထောင်အိမ်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒီမီးလောင်းကျွမ်းမှုကို မီးငြှိမ်းသတ်ယာဥ် ၂၂ စီး၊ ရေသယ်ယာဥ် ၈ စီး၊ အုပ်ချုပ်မှုယာဥ် ၄ စီး၊ မီးသတ် တပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်နဲ့ မီးငြှိမ်းသတ်ခဲ့ရပြီးတော့ ၁၂ နာရီ ၂၄ မိနစ်အချိန်မှာ မီးငြိမ်းသွားခဲ့ပါတယ်။ အခု မီးလောင်မှုဖြစ်စဥ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့လည်း သိရပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top