အဆိုးရွားဆုံး စီးပွားရေးကျဆင်းမှု ကြုံတွေ့နေတဲ့ ဂျပန်နိုင်ငံ

17-8-2020-yyl-037.jpg

ဂျပန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ရင်ဆိုင်နေရချိန်မှာ နိုင်ငံသမိုင်းတစ်လျှောက် အဆိုးရွားဆုံး စီးပွားရေးကျဆင်းမှု ကြုံတွေ့ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဧပြီလကနေ ဇွန်လအတွင်း ဂျပန်နိုင်ငံရဲ့ ပြည်တွင်းကုန်ထုတ်လုပ်မှုပမာဏကနေ (အရင် ၃ လပတ်နဲ့ နှိုင်းယှဉ်ရင်) ၇.၈ ရာခိုင်နှုန်း ကျဆင်းသွားပြီး နှစ်စဉ်နှုန်းထားရဲ့ ၂၇.၈ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။ ကမ္ဘာ့တတိယစီးပွားရေးအင်အားအကြီးဆုံးဖြစ်တဲ့ ဂျပန်နိုင်ငံဟာ ကပ်ရောဂါမတိုင်ခင်ကတည်းက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကျဆင်းနေခဲ့တာပါ။

ဒီနေ့ ထုတ်ပြန်ခဲ့တဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ ဂျပန်နိုင်ငံဟာ စီးပွားရေးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်တွေ စတင်မှတ်တမ်းတင်ခဲ့တဲ့ ၁၉၈၀ ပြည့်နှစ်နောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေးကျဆင်းမှု ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ စီးပွားရေးရဲ့ တစ်ဝက်ကျော်က ပြည်တွင်းစားသုံးမှုဖြစ်ပြီး ပြည်တွင်းစားသုံးမှု သိသိသာသာ ကျဆင်းခဲ့လို့ စီးပွားရေးကျဆင်းခဲ့တာပါ။ ပြည်တွင်းစားသုံးမှု သိသိသာသာ ကျဆင်းနေတဲ့အပြင် ကပ်ရောဂါကြောင့် ပို့ကုန်လုပ်ငန်းလည်း တဟုန်ထိုးကျဆင်းခဲ့ပါတယ်။

၃ လပတ်၊ ၃ ကြိမ်ဆက်တိုက် ကျဆင်းခဲ့တဲ့ ဂျပန်နိုင်ငံရဲ့ စီးပွားရေးဟာ ၁၉၅၅ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ဖြစ်နေပါတယ်။ မနှစ်တုန်းက တိုင်ဖွန်းမုန်တိုင်း ဟာဂျီဘစ်(Hagibis)တိုက်ခတ်မှု၊ ရောင်းခွန်ကို ၁၀ ရာခိုင်နှုန်းအထိ တိုးမြှင့်မှု စတဲ့အချက်တွေကြောင့် အခက်တွေ့နေရတဲ့ ဂျပန်စီးပွားရေးဟာ အခုနောက်ဆုံး အခြေအနေကြောင့် ဖိအားပိုများလာခဲ့ပါတယ်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကတော့ ကပ်ရောဂါကြောင့် ထိုးနှက်ချက်ကို ခုသာခံသာဖြစ်စေဖို့အတွက် ကြီးမားတဲ့ ထောက်ပံ့မှုစီမံကိန်းတစ်ရပ် ဖော်ဆောင်ခဲ့ပါတယ်။

Ref: BBC ” Coronavirus: Japan suffers its biggest economic slump on record”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top