ဆလွန်းကားတစ်စီးစာ အရွယ်အစားရှိတဲ့ လိပ်မျိုးစိတ်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေ တွေ့ရှိ

yyl-031-5.jpg

ကားတစ်စီးစာ အရွယ်အစားရှိတဲ့ လိပ်မျိုးစိတ်တစ်ခုရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို တောင်အမေရိကတိုက် မြောက်ပိုင်းမှာ တူးဖော်တွေ့ရှိခဲ့ပါတယ်။ Stupendemys geographicus လို့ အမည်ရတဲ့ လိပ်မျိုးစိတ်ဟာ လွန်ခဲ့တဲ့ နှစ် ၁၃ သန်းကနေ နှစ် ၇ သန်းကြားကာလအတွင်း အဲဒီဒေသမှာ လှည့်လည်သွားလာခဲ့ဖွယ်ရှိပါတယ်။ အဲဒီလိပ်မျိုးစိတ်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို ကိုလံဘီယာနိုင်ငံ တာတာကိုအာသဲကန ္တာရနဲ့ ဗင်နီဇွဲလားနိုင်ငံ အူရူမာကိုဒေသမှာ တူးဖော်တွေ့ရှိခဲ့တာပါ။ Stupendemys geographicus လိပ်မျိုးစိတ်ရဲ့ ပထမဆုံး ကျောက်ဖြစ်ရုပ်ကြွင်းကို ၁၉၇၀ ပြည့်နှစ်တွေကတည်းက တူးဖော်တွေ့ရှိခဲ့တာဖြစ်ပေမဲ့ အရှည် ၄ မီတာရှိတဲ့ လိပ်မျိုးစိတ်နဲ့ပတ်သက်ပြီး မဖြေရှင်းနိုင်တဲ့အရာတွေ ရှိနေဆဲပါ။

Stupendemys geographicus လိပ် မျိုးစိတ်ဟာ ဆလွန်းကားတစ်စီးစာ အရွယ်အစား၊ အလေးချိန်ရှိပြီး အမေဇုန်နဲ့ အိုရီနိုကိုမြစ်တွေ မပေါ်ခင်ကတည်းက တောင်အမေရိကတိုက်မြောက်ပိုင်းမှာရှိတဲ့ စိမ့်မြေတွေမှာ ကျက်စားခဲ့ကြတာပါ။ လိပ်အထီးရဲ့ကျောကုန်းခွံ တစ်ဖက်တစ်ချပ်စီမှာ ရှေ့ကို ငေါထွက်နေတဲ့ ဦးချိုတွေရှိပါတယ်။ ကျောက်ဖြစ်ရုပ်ကြွင်းတွေမှာ အမာရွတ်ကြီးတွေ တွေ့ရလို့ ပြိုင်ဘက်တွေကို ဦးချိုသုံးပြီး တိုက်ခိုက်ခဲ့ဖွယ်ရှိတယ်လို့ ယူဆထားပါတယ်။ သုံးမီတာ ရှည်တဲ့ ကျောကုန်းခွံနဲ့ အောက်မေးရိုးတစ်ခု တွေ့ရလို့ သူတို့ရဲ့အစားအစာကို ခြေရာခံနိုင်မယ့် လမ်းစရှိနေပါပြီ။ Stupendemys geographicus လိပ်မျိုးစိတ်ဟာ ရေကန်တွေနဲ့ မြစ်ကြမ်းပြင်တွေအောက်မှာ မိကျောင်းတွေနဲ့အတူ နေထိုင်ပြီး သတ္တဝါငယ်လေးတွေ၊ အသီးအရွက်၊ သစ်သီးတွေနဲ့ အစေ့တွေကို စားခဲ့ဖွယ်ရှိပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top