သွားပိုးစားစေနိုင်တဲ့အကြောင်းရင်းတွေနဲ့ ကြိုတင်ကာကွယ်ဖို့ အကြံပြုချက်များ

6-3-2020-yyl-004.jpg

အချိုတွေသိပ်မစားနဲ့၊ သွားပိုးစားမယ် ဆိုတာ လူကြီးတွေက ကလေးလေးတွေကိုဖြဲခြောက်နေကျစကား။ အမှန်တော့ဟုတ်ပေမယ့် မသိရင် သွားပိုးစားတာက ကလေးတွေမှာပဲဖြစ်တတ်သလိုလို၊ လူကြီးဖြစ်သွားရင်ပဲ မရှောင်တမ်း စားလို့ရသလိုလိုနဲ့။ လူကြီးဖြစ်မှ သကြားလုံးတွေ၊ ဂျယ်လီတွေကို ပါကင်လိုက်ဝယ်တီးပစ်မယ်လို့ ကိုယ်တွေတောင်တွေးခဲ့ဖူးတာပေါ့။ တကယ်တော့ သွားပိုးစားတာက သွားပေါက်ပြီးတဲ့လူတိုင်းမှာ အရွယ်မရွေးဖြစ်နိုင်ခြေရှိပါတယ်။

သွားပိုးစားတယ်ဆိုတာ အပေါ်ယံ သွားကြွေလွှာကိုတင်မက သွားရဲ့အတွင်းပိုင်းအလွှာတွေထိ အခေါင်းပေါက်ဖြစ်စေပြီး ပျက်စီးလာစေတာပါ။ ဘယ်နေရာမှာဖြစ်တာလဲဆိုတာနဲ့ ဘယ်လောက်ဖြစ်တာကိုဆိုတာကိုမူတည်ပြီး သွားပိုးစားခြင်းအတိမ်အနက်တွေ အမျိုးမျိုးရှိနိုင်ပါတယ်။ တချို့ဆို သွားကိုက်တာဘာညာလက္ခဏာသိပ်မပြ၊ သွားပေါက်ကြီးလည်းမမြင်ရဘဲ အတွင်းမှာ ပိုးစားနေတာတွေရှိပါတယ်။ သွားပိုးပေါက်ကကြီးလာရင်တော့ဒီလက္ခဏာတွေဖြစ်လာနိုင်ပါတယ် –

-မကြာမကြာ သွားကိုက်ဝေဒနာခံစားရတာ
-သွားကျဉ်တာ
-ချိုတာ၊ ပူတာ၊အေးတာတွေ တစ်ခုခုစားလိုက်မိတိုင်း ကျဉ်ကိုက်သွားတာ
-သွားထဲမှာ အခေါင်းပေါက်တွေဖြစ်နေတာ
-သွားမျက်နှာပြင်ပေါ်မှာ အညိုရောင်၊ အမည်းရောင်၊ အဖြူရောင်တွေထင်နေတာ
-ဘာကိုဖြစ်ဖြစ် ကိုက်လိုက်တာနဲ့ နာတာမျိုးတွေပါ။

ဘာတွေကြောင့် သွားပိုးစားတာလဲ

သွားပိုးစားတယ်၊သွားပျက်စီးတယ်ဆိုတာ အဓိကတော့ သွားချေးတွေကြောင့်ပေါ့။ သွားကြားထဲမှာ သွားချေးတွေတက်မယ်၊ အစားအသောက်တွေရဲ့ အကြွင်းအကျန်တွေနဲ့ပေါင်း၊ ဘက်တီးရီးယားတွေပေါက်ဖွား၊ လှိုက်စားတော့တာပဲ။ ဒါပေမယ့် သွားပိုးစား၊ သွားပျက်စီးဖို့ ဖြစ်နိုင်ခြေများစေတဲ့ အကြောင်းရင်းတွေကို စုစည်းပြောပြရရင်တော့ –

သွားရဲ့နေရာ – သွားပိုးစားတာက ကလေးတွေဆို ရှေ့သွားမှာအဖြစ်များပေမယ့် (ကလေးတွေမှာ အံသွားမှသိပ်မဖွံ့ဖြိုးသေးတာ) လူကြီးတွေမှာတော့ အနောက်ဘက်ရောက်တဲ့ အံသွားတွေမှာ ဖြစ်တတ်ပါတယ်။ အံသွားတွေမှာက အချိုင့်အခွက်၊ အတွန့်တွေအများကြီးရှိသလို သွားပွတ်တံတိုက်လို့ မလွယ်နိုင်တဲ့ ကြိုကြိုကြားကြားနေရာတွေမှာ အစာအကြွင်းအကျန်တွေ ကပ်တွယ်ခိုအောင်းဖို့လွယ်တာပေါ့။

အစားအသောက် –နွားနို့၊ရေခဲမုန့်၊ပျားရည်၊ သကြား၊ သစ်သီးယို၊ ကိတ်မုန့်၊ ကွတ်ကီး၊ အာလူးကြော် စတဲ့ အစားအစာတွေက သွားကြားမှာ ကပ်ငြိတာကြာလာရင် သွားပျက်စီးနိင်ခြေပိုများပါတယ်။

သွားသေချာမတိုက်ခြင်း – သွားကို တိုက်တော့တိုက်ပေမယ့် သွားတိုက်နည်းမမှန်တာ၊ ဒါမှမဟုတ် လုံလောက်တဲ့အချိန်မပေးတာဆိုလည်း မတိုက်တာနဲ့သိပ်တော့မထူးပါဘူး။ သွားတိုက်ဆေးေရဖျော်ပြီး ပလုပ်ကျင်းသလိုပဲ ဖြစ်နေတော့မှာ။ သွားမှန်မှန်မတိုက်ရင်လည်း သွားချေးတွေမြန်မြန်ဖြစ်လာပြီး စတင်ပျက်စီးလာပါလိမ့်မယ်။

သွားပွတ်တံအရည်အသွေးမကောင်းခြင်း – အရည်အသွေးမကောင်းတဲ့သွားပွတ်တံတွေသုံးမိရင်လည်း တိုက်သာတိုက်ရတာ ဟိုကျန်ဒီကျန်နဲ့ပြောင်စင်မှာလည်းမဟုတ်ပါဘူး။ ကြိုကြိုကြားကြား အကုန်ရှင်းလင်းနိုင်ဖို့နဲ့ အံသွားတွေအထိရောက်နိုင်မယ့်ပျော့ပျောင်းတဲ့သွားပွတ်တံဖြစ်သင့်ပါတယ်။ သွားပွတ်တံဖြစ်ရင်ပြီးရော၊ရှေ့သွားတွေဖြူရင်ပြီးရောတွေ့ရာသွားပွတ်တံတွေ ဝယ်မသုံးပါနဲ့။ အရည်အသွေးစိတ်ချရတဲ့ အမှတ်တံဆိပ်ကို သေချာရွေးဝယ်သုံးပါ။သုံးလတစ်ကြိမ်အသစ်လဲပါ။

သရေစာ တစွတ်စွတ်စားခြင်း၊ အချိုရည်ခဏခဏသောက်ခြင်း – အချိုများတဲ့သောက်စရာတွေကို ပိုက်နဲ့စုပ်သောက်တာများရင် သွားကြွေလွှာကို အက်စစ်နဲ့ဆေးနေသလိုဖြစ်စေနိုင်တယ်၊ ခံတွင်းကဘက်တီးရီးယားတွေကို အားပေးသလိုဖြစ်ပြီး သွားပိုးစားစေနိုင်တယ်။

အိပ်ချိန်အစားအသောက် – ကလေးရော၊ လူကြီးရော ညအိပ်ခါနီးမှ ဒါမှမဟုတ် တရေးနိုး အစားစားတတ်တာက သွားကို ထိခိုက်စေနိုင်တယ်။ မနက်နဲ့ည သွားကိုတစ်နေ့နှစ်ကြိမ်တိုက်ဖို့ အကြံပြုထားပေမယ့် သွားတိုက်ပြီးမှ အိပ်ခါနီးတစ်ခုခုစားတာ၊ တရေးနိုး ညလယ်စာစားတာ အကျင့်ရှိတယ်ဆိုရင် သွားပိုးစားမယ့်လမ်းပါပဲ။

ဖလိုရိုက် မလုံလောက်ခြင်း – ဖလိုရိုက် (Fluoride)ဟာ သွားပိုးပေါက်တွေမဖြစ်အောင်ကာကွယ်ပေးတဲ့အပြင် သွားပျက်စီးမှုအစပျိုးနေချိန်မှာတောင် အချိန်မီကုစားပေးနိုင်တဲ့ဓါတ်ဖြစ်ပါတယ်။ သွားကျန်းမာရေးအတွက်ကောင်းတဲ့ သူ့ရဲ့အကျိုးကျေးဇူးတွေကြောင့် သွားတိုက်ဆေးနဲ့ ခံတွင်းသန့်ဆေးရည်အတော်များများမှာ ပါဝင်လေ့ရှိပါတယ်။

ခံတွင်းခြောက်သွေ့ခြင်း – ခံတွင်းခြောက်သွေ့တယ်ဆိုတာ တံတွေးမထွက်တာပါပဲ။ တံတွေးက သွားမှာကပ်ငြိနေတဲ့အစားအစာကျန်တွေနဲ့ သွားချေးတွေကို ဖယ်ရှားပေးပြီး သွားပိုးစားခြင်းကိုကာကွယ်ပေးပါတယ်။ တံတွေးမှာပါတဲ့ဓါတ်ပစ္စည်းတွေက ဘက်တီးရီးယားေကြာင့်ဖြစ်လာတဲ့ အက်စစ်ဓါတ်ကိုဖြေရှင်းပေးနိုင်ပါတယ်။ တချို့ဆေးဝါးတွေကြောင့် ၊ တချို့ရောဂါတွေကြောင့် ၊ ဦးခေါင်းနဲ့လည်ပင်းကိုဓါတ်ရောင်ခြည်သင့်တာကြောင့်၊ ဒါမှမဟုတ် ကင်ဆာဆေးတွေကြောင့် ခံတွင်းခြောက်သွေ့စေနိုင်ပြီး သွားပျက်စီးစေနိုင်ပါတယ်။

ကြိုတင်ကာကွယ်မယ်ဆိုရင်တော့

ဖလိုရိုက်ပါတဲ့သွားတိုက်ဆေးနဲ့ အနည်းဆုံးတစ်နေ့နှစ်ကြိမ် သွားတိုက်ပါ။ အစာစားပြီးချိန်နဲ့ညအိပ်ခါနီးအချိန်တွေမှာလည်း အလျဉ်းသင့်သလို သွားတိုက်ပေးတာကောင်းပါတယ်။
သွားပွတ်တံကို အရည်အသွေးကောင်းတာရွေးဝယ်ပါ။ သွားကြိုသွားကြားထဲအထိ ပွတ်တိုက်သန့်စင်ပေးနိုင်ပြီးပျော့ပျောင်းတဲ့ ဘရက်ရှ်ပါတဲ့ သွားပွတ်တံကိုရွေးပါ။
သွားတွေကြားမှာ ဘာအညစ်အကြေးမှကပ်ကျန်မနေဖို့ သွားပွတ်ကြိုးပုံမှန်သုံးပေးပါ။
ဖလိုရိုက်ပါတဲ့ ခံတွင်းသန့်ဆေးရည်တွေ သုံးပါ။ သွားချေးတွေဖြစ်စေတဲ့ဘက်တီးရီးယားတွေကိုသေစေနိုင်မယ့် ပိုးသတ်အာနိသင်ပါရှိတတ်ပါတယ်။
အချိုများတဲ့အစားအစာတွေနဲ့အချိုရည်တွေကိုလျှော့စားပါ။
ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို စားသုံးပေးပါ။
သွားဆရာဝန်နဲ့မှန်မှန်ပြပြီး ခံတွင်းကျန်းမာရေးပုံမှန်စစ်ဆေးမှုခံယူပါ။

Ref : Hellosayarwon

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top