နူးကမ့်ကွင်းမှာ မက်ဆီခြေစွမ်းပြပြီး လီဗာပူးကို ဘာစီလိုနာ ဂိုးပြတ်အနိုင်ရ

59203973_2305293472847225_3137997763241836544_n.jpg

ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ မက်ဆီရဲ့ခြေစွမ်းပြမှုနဲ့အတူ (၃) ဂိုးပြတ်အနိုင်ရပြီး ဗိုလ်လုပွဲတက်ရောက်ဖို့ အခွင့်အလမ်းကောင်းပိုင်ဆိုင်သွားခဲ့ပါတယ်။

ဘာစီလိုနာက မက်ဆီ၊ ဆွာရက်ဇ်၊ ကော်တင်ဟို တိုက်စစ်အတွဲနဲ့ ပွဲထွက်လာခဲ့ပေမဲ့ လီဗာပူးကတော့ ဖာမီနိုကိုအနားပေးပြီး ဆာလာ၊ မာနေးတို့ တိုက်စစ်ပိုင်းနောက်မှာ ဝစ်နယ်ဒမ်ကို ခြံရံကစားခိုင်းခဲ့ပါတယ်။

လီဗာပူးဟာ ဘာစီလိုနာကို သူတစ်ပြန်၊ ကိုယ်တစ်ပြန် ယှဉ်ပြိုင်ကစားနိုင်ခဲ့ပေမဲ့ ဘာစီလိုနာရဲ့ တစ်ချက်ထိ၊ အမြန်ပေးတွဲလုံးတွေနဲ့ တိုက်စစ်ဆင်ရွေ့လျားမှုကို မထိန်းနိုင်ခဲ့ပါဘူး။ ပွဲချိန် (၂၆) မိနစ်မှာ ဂျော်ဒီအယ်ဘာထိုးပေးတဲ့ဘောလုံးကို ဆွာရက်ဇ်က လီဗာပူးဗဟိုခံစစ်မှူး (၂) ယောက်ကြားကနေ ပြေးထွက်ပိတ်သွင်းနိုင်ခဲ့လို့ ဘာစီလိုနာအဖွင့်ဂိုးရခဲ့ပါတယ်။ ဒါဟာ ဒီရာသီမှာ ဆွာရက်ဇ်ရဲ့ ပထမဆုံးချန်ပီယံလိဂ်သွင်းဂိုးဖြစ်ပြီး ဘာစီလိုနာအသင်းသမိုင်းတစ်လျှောက် ဂိုး (၅၀၀) မြောက်ချန်ပီယံလိဂ်သွင်းဂိုးပါ။

ဂျော်ဒီအယ်ဘာထိုးပေးတဲ့ဘောလုံးကို ဆွာရက်ဇ်က လီဗာပူးဗဟိုခံစစ်မှူး (၂) ယောက်ကြားကနေ ပြေးထွက်ပိတ်သွင်းနိုင်ခဲ့လို့ ဘာစီလိုနာအဖွင့်ဂိုးရခဲ့

ဂိုးပေးလိုက်ရပြီးနောက်မှာ လီဗာပူးအသင်းဟာ ချေပဂိုးရဖို့အခွင့်အရေးတွေရခဲ့ပေမဲ့ ဟန်ဒါဆန်ထိုးပေးတဲ့ဘောလုံးကို မာနေးပိတ်သွင်းရာမှာ ဂိုးဘားပေါ်က ကျော်သွားခဲ့ပါတယ်။ ဒုတိယပိုင်းပြန်စစချင်းမှာပဲ လီဗာပူးအသင်းအခွင့်အရေးတွေရခဲ့ပေမဲ့ ဂျိမ်းမီလ်နာ၊ ဆာလာတို့ရဲ့ကန်ချက်တွေကို ဘာစီလိုနာဂိုးသမား စတီဂျန် ကာကွယ်နိုင်ခဲ့ပါတယ်။ လီဗာပူးဟာ ဘာစီလိုနာကို ဖိအားပေးနိုင်ခဲ့ပေမဲ့ အဆုံးသတ်ပိုင်းအားနည်းခဲ့လို့ ကြီးကြီးမားမားပေးဆပ်ခဲ့ရပါတယ်။

ပွဲချိန် (၇၅) မိနစ်မှာ မက်ဆီထံကနေ တိုက်စစ်အစပျိုးလာပြီး ဆွာရက်ဇ်ရဲ့ကန်ချက် ဘားထိပြန်ထွက်လာတာကို မက်ဆီက ပြေးဝင်ပိတ်သွင်းပြီး ဘာစီလိုနာအတွက် ဒုတိယဂိုးသွင်းခဲ့ပါတယ်။ မက်ဆီဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြိုင်ဘက်အသင်း (၃၂) သင်းကို ဂိုးသွင်းနိုင်သူဖြစ်လာခဲ့ပါတယ်။ သူ့ထက်ပိုပြီး ပြိုင်ဘက်အသင်းတွေကို ဂိုးသွင်းနိုင်ခဲ့တာကတော့ ရီးရဲလ်တိုက်စစ်မှူးဟောင်း ရာအူးလ်ဖြစ်ပြီး ပြိုင်ဘက်အသင်း (၃၃) သင်းကို ဂိုးသွင်းနိုင်ခဲ့တာပါ။

မက်ဆီက ကိုက် (၃၀) အကွာ ပြစ်ဒဏ်ဘောကန်ချက်ကို တိုက်ရိုက်ကန်သွင်းပြီး ဘာစီလိုနာအတွက် တတိယဂိုးသွင်းယူ

နောက်ထပ် (၇) မိနစ်အကြာမှာလည်း မက်ဆီက ကိုက် (၃၀) အကွာ ပြစ်ဒဏ်ဘောကန်ချက်ကို တိုက်ရိုက်ကန်သွင်းပြီး ဘာစီလိုနာအတွက် တတိယဂိုးသွင်းယူခဲ့ပါတယ်။ ဒါဟာ မက်ဆီရဲ့ ကစားသမားဘဝမှာ ဘာစီလိုနာအတွက် ဂိုး (၆၀၀) ပြည့်ဖြစ်ပါတယ်။ မက်ဆီဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အင်္ဂလန် ကလပ်တွေနဲ့ ပွဲစဉ် (၃၃) ပွဲ ကစားခဲ့တဲ့အနက် (၂၆) ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါဟာ နိုင်ငံတစ်နိုင်ငံက ကလပ်တွေဘက်ကို ဂိုးအများဆုံးသွင်းယူနိုင်တာဖြစ်ပြီး ဂျာမန်ကလပ်တွေဘက်ကို ဂိုးအများဆုံးသွင်းနိုင်တဲ့ ရော်နယ်ဒိုရဲ့စံချိန်နဲ့တူညီခဲ့ပါတယ်။

အခုပွဲရလဒ်ကြောင့် ဘာစီလိုနာအသင်းကတော့ ဗိုလ်လုပွဲတက်ဖို့ အခြေအနေကောင်း

နောက် (၂) မိနစ်အကြာမှာ လီဗာပူးအတွက် အရေးပါတဲ့အဝေးဂိုးရလုဆဲဆဲဖြစ်ခဲ့ပေမဲ့ ဖာမီနိုရဲ့ကန်ချက်ကို ဘာစီလိုနာနောက်ခံလူတွေ ဂိုးစည်းပေါ်ကရှင်းထုတ်နိုင်ခဲ့သလို ဆာလာရဲ့ထပ်ဆင့်ကန်ချက်ကလည်း တိုင်ထိထွက်ခဲ့ပါတယ်။ အခုပွဲရလဒ်ကြောင့် ဘာစီလိုနာအသင်းကတော့ ဗိုလ်လုပွဲတက်ဖို့ အခြေအနေကောင်းနေပြီဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top