အမျိုးသားများ စိတ်ရောဂါကြောင့်အသက်သေဆုံးနိုင်ချေပိုများ

shutterstock-430974775.png

ဘယ်လိုရောဂါပဲဖြစ်နေပါစေ၊ စိတ်ရောဂါဆိုတာ ပေါ့ဆလို့မရတဲ့ပြဿနာပါ။ လူတော်တော်များများက စိတ်ဆိုတာကြံ့ခိုင်ရင်ရတယ်၊ လုပ်ယူရင်ရတယ်၊ စိတ်ပျော့ညံ့တယ်ဆိုတာ လူညံ့လူဖျင်းတွေအလုပ်ဆိုပြီး ယူဆလိုက်ကြတာပါ။ တကယ်တော့ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် လူရယ်လို့ဖြစ်လာတဲ့အခါ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်ကြုံတွေ့ရမယ်၊ ပြဿနာပေါင်းစုံကို ဖြေရှင်းကြရမယ်၊ ဒီလိုမျိုး နေ့စဉ်ကြုံတွေ့နေရတဲ့အခါ ဘယ်လောက်ပဲကြံ့ခိုင်နေတဲ့လူသားတစ်ဦးဖြစ်နေပါစေ စိတ်က အနည်းငယ်တော့ယိုင်သွားတတ်ပါတယ်။

ဒါဆိုရင် ဘယ်နေရာမှာပြဿနာဖြစ်သွားတာလဲ

စစ်တမ်းကောက်ယူချက်အရ အမျိုးသမီးတွေမှာ စိတ်ရောဂါဖြစ်ဖို့ ပိုလွယ်ကူပေမယ့် သူတို့တွေက ကိုယ့်ရဲ့ရောဂါအခြေအနေကို နားလည်လွယ်ပြီး ကုသဖို့ကိုလည်း အားတက်သရောရှိကြပါတယ်။ အမျိုးသားတွေကတော့ ဒါနဲ့ လုံးဝဆန့်ကျင်ဘက်ပါပဲ။ စိတ်ရောဂါဘယ်လောက်ပဲ ပြင်းထန်နေပါစေ၊ ကုသဖို့ကို အင်မတန်ဝန်လေးတတ်ကြပါတယ်။

ဒီပြဿနာ ဘယ်ကစလာလဲဆိုတော့ လူတွေ နားလည်သတ်မှတ်ခံယူထားတဲ့ယောက်ျားပီသမှုဆိုတဲ့အရာကြီးက အဓိကတရားခံပါပဲ။ ယောက်ျားမှန်ရင် စိတ်ဓာတ်မာရမယ်၊ မျက်ရည်မကျရဘူး၊ စိတ်ဓာတ်မယိုင်လဲရဘူး၊ တစ်အိမ်ထောင်လုံး၊ တစ်မိသားစုလုံးရဲ့ တာဝန်ဝတ္တရားတွေဟာ ယောက်ျားတွေပဲ ထမ်းရွက်ရတာ၊ စိတ်ဓာတ်ပျော့ညံ့တယ်ဆိုတာ ယောက်ျားမပီသတာ အစရှိသဖြင့် လူ့ပတ်ဝန်းကျင်ဘောင်က စည်းမျဉ်းသဘောတရားတွေ သတ်မှတ်လိုက်တဲ့အခါ ဒီသဘောတရားတွေနဲ့ ကြီးပြင်းလာရတဲ့ သူတွေက စိတ်ဓာတ်ကျနေရင်တောင် လူများသိအောင် မဖော်ပြတတ်၊ ကိုယ့်မှာရှိတဲ့ ပြဿနာကို မိသားစုတွေနဲ့ ရင်မဖွင့်ရဲဘဲ တစ်ယောက်တည်းကြိတ်မှိတ်သည်းခံ၊ ဖြစ်လာရင်လည်း ကုသမှုခံယူရမှာ ရှက်တာရော၊ တခြားသူတွေသိသွားတဲ့အခါ ကဲ့ရဲ့မှာရော စိုးရိမ်စိတ်တွေ ဒါတွေက အမျိုးသားတွေရဲ့ စိတ်ကျန်းမာရေးအခြေအနေကို လမ်းဆုံးထိရောက်အောင် တွန်းပို့လိုက်တော့တာပါပဲ။

အမျိုးသားတွေမှာ စိတ်ကျန်းမာရေးပြဿနာကြုံလာတဲ့အခါ ဘာတွေဖြစ်နိုင်လဲ

  • ပထမဆုံးအနေနဲ့ ကိုယ်နေ့စဉ်ဘဝမှာ လုပ်နေတဲ့အရာတွေ အကုန်လုံး ကမောက်ကမဖြစ်တော့တာပါပဲ။
  • ကျောင်းသားဆိုရင် ကျောင်းစာတွေ မလိုက်နိုင်တော့ဘူး၊ စာလုပ်ဖို့ စိတ်မပါတော့ဘူး၊ စိတ်လေနေမယ်၊ လမ်းမှားရောက်ဖို့ လွယ်မယ်။
  • အလုပ်ခွင်မှာ ဝင်ရောက်နေတဲ့သူဆိုရင် တီထွင်ကြံဆနိုင်စွမ်းကို ထိခိုက်မယ်၊ အလုပ်လုပ်ရမှာ စိတ်မပါတော့သလို တစ်နေ့တစ်နေ့ အသက်ရှင်ရတာတောင် အဓိပ္ပါယ်မရှိဘူးလို့ မြင်လာမယ်၊ ဒါတင်မကပါဘူး၊ လူမှုရေး၊ အချစ်ရေး၊ မိသားစုပြဿနာတွေ ပိုပြီး ရှုပ်ထွေးလာမယ်။
  • စိတ်ဆိုးဒေါသထွက်လွယ်လာမယ်
  • ညဘက်တွေမှာ စိတ်ဖိစီးမှုတွေကြောင့် အိပ်ရာပေါ် ခေါင်းချလိုက်ရင်တောင် အိပ်မပျော်တော့ဘဲ တောင်တွေး၊ မြောက်တွေး တွေးမိနေတော့ အိပ်ရေးပျက်လာမယ်။
  • အစားပျက် အသောက်ပျက်လာမယ်။
  • အရက်အလွန်အကျွံသောက်လာမယ်။
  • မူးယစ်ဆေးဝါး သုံးစွဲမှုတွေ ဖြစ်လာမယ်။
  • အန္တရာယ်များတဲ့ အပြုအမူတွေ၊ အိမ်ထောင်ရေးဖောက်ပြန်မှုတွေ၊ လိင်အပျော်အပါးလိုက်စားမှုတွေ ဖြစ်လာမယ်။
  • စိတ်ဓာတ်ကျလာမယ်။
  • ကျန်းမာရေးကလည်း ပိုပြီး ဆိုးရွားလာမယ်။
  • နောက်ဆုံး မိမိကိုယ်ကိုယ် အဆုံးစီရင်သည်အထိ စိတ်ဓာတ်တွေ အောက်ဆုံးကို ထိုးကျသွားမှာပါ။

အမျိုးသားတွေဟာ စိတ်ရောဂါနဲ့ ပတ်သက်ပြီး ကုသမှုမခံယူချင်ရုံသာမက ကိုယ့်မှာ ဒီလိုပြဿနာတွေရှိတယ်ဆိုတာလည်း ဘယ်သူ့ကိုမှ မသိစေချင်တတ်ပါဘူး။ သူတို့စိတ်ထဲမှာ စိတ်ရောဂါဆိုတာ ပျော့ညံ့ခြင်း၊ သိမ်ငယ်စရာကောင်းခြင်း၊ အောက်ကျခြင်း၊ ယောက်ျားမဆန်ခြင်းဆိုပြီး သတ်မှတ်ထားတတ်ကြပါတယ်။ အဲ့တော့ အမျိုးသမီးတွေနဲ့ ယှဉ်လိုက်ရင် ရောဂါဖြစ်နိုင်ခြေ ပိုနည်းပေမယ့် တကယ်တမ်း ရောဂါဖြစ်လာတဲ့အခါ ကုသမှုမခံယူဘဲ အခြေအနေပိုဆိုးလာတတ်ကြတာပါ။

တကယ်တော့ စိတ်ရောဂါဆိုတာ လူတိုင်းမှာရှိပါတယ်။ စိုးရိမ်စိတ်၊ ကြောက်ရွံ့မှု၊ အထီးကျန်ခြင်း၊ ပူလောင်ခြင်း၊ စိတ်ခံစားချက်အပြောင်းအလဲမြန်ခြင်း၊ ဒါတွေက မိန်းကလေးတွေမှာမှ မဟုတ်ပါဘူး၊ ယောက်ျားလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် စိတ်ပိုင်းဆိုင်ရာ အခက်အခဲပြဿနာတွေ ရင်ဆိုင်နေရတယ်လို့ သဘောပေါက်ထားတယ်ဆိုရင်တော့ စိတ်ရောဂါကုထုံးပညာရှင် (Therapist) တွေနဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

ဘယ်အရာမဆို တစ်ယောက်တည်း ကြိတ်မှိတ်ပြီး မခံစားပါနဲ့။ မိသားစုနဲ့ မျှဝေပါ။ ကိုယ့်ရဲ့ နာကျင်မှုကို ရင်ဖွင့်ပါ။ ဘေးနားမှာ ကိုယ့်လက်ကို တွဲပြီး ကူပေးမယ့်သူဆိုတာ အနည်းဆုံးတစ်ယောက်တော့ ရှိတတ်ကြစမြဲပါပဲ။ လူတိုင်း စိတ်ရော ကိုယ်ပါ ပျော်ရွှင်အေးချမ်းတဲ့ နေ့ရက်တွေကို အကောင်းဆုံး ဖြတ်ကျော်သွားနိုင်ပါစေလို့ ဆုတောင်းရင်း…။

Ref:Helloဆရာဝန်
ရေးသားသူ – Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Thurein Hlaing Win

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top