NASA နဲ့ ပူးပေါင်းပြီး အာကာသထဲ ဇာတ်ကားရိုက်ကူးမယ့် တွမ်ခရုစ်

7-5-2020-yyl-006.jpg

ရုပ်ရှင်ချစ်ပရိသတ်တွေ အားပေးနှစ်ခြိုက်ကြတဲ့ အက်ရှင်မင်းသားကြီး တွမ်ခရုစ်က အာကာသအပြင်ဘက် the National Aeronautics and Space Administration မှာ ဇာတ်ကားရိုက်ကူးဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒီအကြောင်းကို NASA ရဲ့ အုပ်ချုပ်ရေးမှူး ဂျင် ဘရစ်တန်စတင်းက သူ့ရဲ့တွစ်တာအကောင့်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ “NASA က အာကာသမှာ ရုပ်ရှင်ရိုက်ဖို့ တွမ်ခရုစ်နဲ့ အလုပ်တွဲလုပ်ရမှာ စိတ်လှုပ်ရှားနေပါတယ်” လို့ ရေးသားထားတာပါ။

ဒါ့အပြင် အင်ဂျင်နီယာမျိုးဆက်သစ်တွေနဲ့ သိပ္ပံပညာရှင်မျိုးဆက်သစ်တွေကို အတုယူမိစေချင်တယ်လို့လည်း ဆိုပါတယ်။ “NASAရဲ့အစီအစဉ်တွေကို တကယ်ဖြစ်အောင်လုပ်ဖို့အတွက် အင်ဂျင်နီယာနဲ့ သိပ္ပံပညာရှင်မျိုးဆက်သစ်တွေ စိတ်ဝင်စားအောင်လုပ်ပေးဖို့ နာမည်ကြီးမီဒီယာတွေလိုပါတယ်” လို့ NASAအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ သူက အသေးစိတ်ကိုတော့ ပြောပြထားခြင်းမရှိပါဘူး။ ဒါပေမဲ့ မီဒီယာတွေကတော့ တွမ်ခရုစ်က အာကာသမှာ ရိုက်ကူးတဲ့ ပထမဆုံးဇာတ်ကားဖြစ်လာမယ့် ရုပ်ရှင်ကားအတွက် Tesla ကုမ္ပဏီနဲ့ SpaceX စွန့်ဦးတီထွင်လုပ်ငန်းရှင် အီလွန်မာ့စ်တို့နဲ့ ပူးပေါင်းလုပ်ကိုင်နေခဲ့တယ်လို့ သိရပါတယ်။

တွမ်ခရုစ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ချက်ချင်းတုံ့ပြန်လာခဲ့ခြင်းမရှိခဲ့ပါဘူး။ တွမ်ခရုစ်ဟာ ရုပ်ရှင်ရိုက်ကူးတဲ့နေရာမှာ အက်ရှင်ခန်းတွေကို လူစားထိုးရိုက်ကူးခြင်းမရှိတဲ့မင်းသားအဖြစ် လူသိများပါတယ်။ အန္တရာယ်များတဲ့အခန်းတွေကို သူကိုယ်တိုင်ရိုက်ကူးခဲ့တယ်ဆိုတာကို သူ့ရဲ့ဇာတ်ကားတွေက သက်သေပြနေပါတယ်။ ရုပ်ရှင်ကားသစ် Top Gun: Maverick မှာ တိုက်လေယာဉ်ကို လူစားမထိုးဘဲ သူကိုယ်တိုင်မောင်းခဲ့ပါတယ်။ ၂၀၁၅ခုနှစ်က Mission Impossible Rogue Nation ဇာတ်ကားမှာလည်း သူက လေယာဉ်မှာ တွဲလောင်းခိုခဲ့တဲ့အပြင် Mission Impossible Ghost Protocol မှာ ကမ္ဘာ့အရှည်ဆုံးအဆောက်အဦး ဒူဘိုင်းရဲ့ Burj Khalifaပေါ်ကိုလည်း လူစားမထိုးဘဲ သူကိုယ်တိုင်တက်ခဲ့တာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဖြစ်ပွားနေတဲ့အတွက် Mission Impossible 7 ရိုက်ကူးမှုကို ဖေဖော်ဝါရီလမှာ နားထားခဲ့ပါတယ်။ ဒီဇာတ်ကားကို ၂၀၂၁ခုနှစ် ဇူလိုင် ၂၃ရက်နေ့မှာ ရုံတင်ပြသဖို့စီစဉ်ထားခဲ့ပေမဲ့ COVID-19 ကြောင့် ၂၀၂၁ခုနှစ် နိုဝင်ဘာ ၁၉ ကို ရွေ့ထားပါတယ်။ ၂၀၂၀ခုနှစ် ဇွန်လ ၂၄ ရက်နေ့မှာရုံတင်ဖို့ စီစဉ်ထားခဲ့တဲ့ Top Gun Maverick ဇာတ်ကားကိုလည်း ဒီဇင်ဘာ ၂၃ ရက်နေ့ကို ပြောင်းရွေ့ထားပါတယ်။

Ref: Tom Cruise is officially shooting a movie in space, NASA confirms

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top