တွမ်ခရုစ်ရဲ့ လျှို့ဝှက်မစ်ရှင်ကို လုပ်ဆောင်ခဲ့ရတဲ့ BTS အဖွဲ့ဝင် Jin

jin.jpg

ကမ္ဘာကျော်အဆိုတော်အဖွဲ့ဖြစ်တဲ့ BTS အဖွဲ့ဝင် Jin ဟာ သူ့ရဲ့ Variety Show Run Jin မှာ ဟောလိဝုဒ်မင်းသားကြီး တွမ်ခရုစ်ကို အင်တာဗျူးခဲ့ရပါတယ်။ အင်တာဗျူးတာပါဝင်တဲ့ အပိုင်းကို မေလ ၂၀ ရက်နေ့က တင်ခဲ့တာပါ။

အင်တာဗျူးမှာ မင်းသားကြီးတွမ်ခရုစ်က သူ ကိုရီးယားကို ရောက်ဖြစ်တာ ၁၂ ကြိမ်ရှိပြီဖြစ်ပြီး ကိုရီးယားကြက်ကင်နဲ့ Samgyeopsal (ဝက်ဗိုက်သားကင်) စားရတာကြိုက်တယ်လို့ ဆိုပါတယ်။ ဂျင်နဲ့ တွမ်ခရုစ်က ကြိုက်နှစ်သက်တဲ့အစားအသောက်တွေအကြောင်း အပြန်အလှန်စကားစမြည်းပြောဖြစ်ခဲ့ကြပါတယ်။

Mission Impossible: The Final Reckoning ဇာတ်ကားဖြစ်လာဖို့ ၇ နှစ် အချိန်ယူခဲ့ရပြီး လေယာဉ်ကို တွဲလောင်းခိုတဲ့အခန်းနဲ့ ရေအောက်ဇာတ်ဝင်ခန်းတွေက အချိန်ယူခဲ့ရတယ်။ ရေလောင်ကန်တွေနဲ့ ရိုက်ကွင်းနေရာတည်ဆောက်တာမှာလည်း နှစ်တော်တော်ကြာအချိန်ယူခဲ့ရတယ်လို့လည်း တွမ်ခရုစ်က အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။

တွမ်ခရုစ်နဲ့ အင်တာဗျူးပြီးတဲ့နောက်မှာ ဗုံးတစ်လုံးပိတ်ဖို့ လျှို့ဝှက်မစ်ရှင်လုပ်ဆောင်ဖို့ တွမ်ခရုစ် ညွှန်ကြားတဲ့စာကို ဂျင်က လက်ခံရရှိခဲ့ပါတယ်။ ဂျင်က ဗုံးတစ်လုံးကို ပိတ်နိုင်ဖို့အတွက် Challenges ၄ ခု ကျော်လွှားခဲ့ရပါတယ်။ လှံပစ်တာ၊ သော့ကိုရှာဖွေရတာ၊ ပင့်ကူအိမ်ထောင်ချောက်ကို ကျော်လွှားပြီး ပဟေဋ္ဌိတွေကို ဖြေရှင်းရတာပါ။ ဒါတွေ အားလုံးကို ၁၅ မိနစ်အတွင်းပြီးစီးအောင်လုပ်ဆောင်ခဲ့ရပါတယ်။

တွမ်ခရုစ် ပေးတဲ့ မစ်ရှင်နဲ့ပတ်သက်ပြီး ဂျင်ရဲ့အတွေ့အကြုံကို မေးမြန်းတော့ သူ တွမ်ခရုစ်ကို အင်တာဗျူးခဲ့ပြီး လုံးဝဆင်တူတာမျိုးမဟုတ်ပေမဲ့ အလားတူတာမျိုးလုပ်ကြည့်ခဲ့တယ်။ သူ တွမ်ခရုစ်လို ရထားတွေပေါ်ခုန်ချပြီး လေယာဉ်ကို တွဲခိုတာမျိုးတော့လုပ်မရဘူး။ တွမ်ခရုစ်ဟာ သူ့ရဲ့ဇာတ်ကားတွေမှာ ဘယ်လောက်တောင် အပင်ပန်းခံကြိုးစားခဲ့လဲဆိုတာ နားလည်လိုက်ရတယ်လို့ ဆိုထားပါတယ်။

Ref: Tom Cruise sends BTS’ Jin on secret-agent challenges in variety show

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top