အော်စကာဆုအတွက် ဆန်ခါတင်စာရင်းဝင်တဲ့ အိန္ဒိယမှတ်တမ်းရုပ်ရှင်ကား နောက်ကွယ်က ဖြစ်ရပ်

25-3-2022-yyl01.jpg

အော်စကာဆုအတွက် ဆန်ခါတင်စာရင်းဝင်တဲ့ အိန္ဒိယရဲ့ ပထမဆုံး မှတ်တမ်းရုပ်ရှင်ကားအမည်က Writing with Fire ။ ”ရန်မီးလျှံကြားက စာ” လို့ ပြန်ဆိုရမယ်ထင်ရဲ့။ အိန္ဒိယရဲ့ အနှိမ်ခံအမျိုးသမီးတွေသီးသန့် ထုတ်ဝေတဲ့ သတင်းစာအကြောင်း ရိုက်ကူးထားတာပါ။

လွန်ခဲ့တဲ့ နှစ် ၂၀ က အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တာပရာဒက်ရှ်ပြည်နယ်က စီးပွားရေးချွတ်ခြုံကျနေတဲ့ ဘန်ဒယ်ခန်းဒေသမှာ ထူးထူးခြားခြား တစ်ရွက်သတင်းစာတစ်စောင် ထွက်ပေါ်လာတယ်။ Khabar Lahariya (သတင်းလှိုင်း)လို့ အမည်ပေးထားတဲ့ အဲဒီသတင်းစာက တစ်ရွက်ပဲ ပါတယ်။ ဟင်ဒီဘာသာစကားနဲ့ ထုတ်ဝေပြီး ကျေးလက်ဒေသဖွံ့ဖြိုးမှု၊ လယ်သမားတွေရဲ့ အဆုံးစီရင်မှု၊ အကျင့်ပျက်ခြစားမှု၊ အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ ရေရှားပါးပြတ်လပ်မှု စတဲ့ သတင်းတွေ ဖော်ပြတာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်တွေဟာ သက်ဆိုင်ရာ ဒေသတွေမှာ အရေးကြီးကိစ္စတွေ ဖြစ်ပေမဲ့ ပင်မမီဒီယာတွေပေါ်မှာ တွေ့ရခဲတဲ့ သတင်းမျိုးတွေပါ။

Khabar Lahariya ရဲ့ ဂျာနယ်လစ်တွေထဲမှာ ကလေးဘဝတုန်းက မိုင်းလုပ်သား လုပ်ခဲ့ရသူတွေ၊ အသက်မပြည့်ခင် သတို့သမီးဖြစ်ခဲ့ရသူတွေ၊ အနိုင်ကျင့်စော်ကားမှု၊ အိမ်တွင်းအကြမ်းဖက်မှုတွေကနေ လွတ်မြောက်လာခဲ့သူတွေ ပါဝင်နေပါတယ်။ ဂျာနယ်လစ်အမျိုးသမီးအားလုံးဟာ အဆင့်အတန်း၊ ကျား-မ၊ ဇာတ် ခွဲခြားမှုပြဿနာတွေ ကြုံတွေ့ခဲ့( ကြုံတွေ့ဆဲ)သူတွေ ဖြစ်ပြီး တစ်ခါတရံမှာ သူတို့ကိုယ်တိုင် ရင်ဆိုင်ခံစားရတဲ့အကြောင်းအရာတွေကို ရေးသားဖော်ပြလေ့ရှိပါတယ်။ Khabar Lahariya ဟာ ဒါလစ်မျိုးနွယ်ဝင်တွေ၊ မွတ်စလင်အမျိုးသမီးတွေ၊ တိုင်းရင်းသားမျိုးနွယ်ဝင်တွေ အစရှိတဲ့ အမျိုးသမီး ဂျာနယ်လစ်တွေနဲ့ စုဖွဲ့ထားတာပါ။

Khabar Lahariya ဟာ အခုအချိန်မှာတော့ ပုံနှိပ်သတင်းစာအဖြစ်ကနေ ဒီဂျစ်တယ်အဖြစ် အသွင်ကူးပြောင်းလိုက်ပါပြီ။ Youtube ပေါ်မှာ အားပေးသူ ၅ သိန်းကျော်ရှိပြီး လစဉ်ကြည့်ရှုမှုနှုန်းက တစ်လပျမ်းမျှ ၁၀ သန်း ရှိပါတယ်။ Writing with Fire ရုပ်ရှင်မှာလည်း အဲဒီအသွင်ကူးပြောင်းမှုကို မီးမောင်းထိုးပြထားတယ်။ စီမံခန့်ခွဲမှု အယ်ဒီတာ မီရာနဲ့ သတင်းထောက် ၂ ယောက်က မိသားစုမှာရော၊ ပတ်ဝန်းကျင်မှာပါ ကြုံရတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်ဖြတ်ပြီး သူတို့ရဲ့ဖုန်းတွေနဲ့အတူ Khabar Lahariya ကို ဒီဂျစ်တယ်မီဒီယာအဖြစ် အသွင်ကူးပြောင်းခဲ့တာပါ။

Writing with Fire ရုပ်ရှင်ကို မနှစ်တုန်းက ဆန်းဒန့်ရုပ်ရှင်ပွဲတော်မှာ အထူးပွဲပြသခဲ့ပြီး ဆု ၂ ဆု ဆွတ်ခူးခဲ့ပါတယ်။ ပရိသတ်အကြိုက်ဆုနဲ့ အကဲဖြတ်အဖွဲ့ရဲ့ အထူးဆု ရခဲ့တာပါ။ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ ဆုတွေ ဆွတ်ခူးနိုင်ခဲ့သလို ရုပ်ရှင်ဝေဖန်သူတွေရဲ့ ချီးကျူးထောပနာပြုမှုလည်း ရရှိခဲ့ပါတယ်။ နယူးယော့ခ်တိုင်းမ်သတင်းစာက ဝေဖန်ရေးဆရာတွေအကြိုက် ရုပ်ရှင်ကားလို့ ဖော်ပြခဲ့ပြီး ဝါရှင်တန်ပို့စ်သတင်းစာကတော့ အားကျအတုယူစရာအကောင်းဆုံး ဂျာနယ်လစ်ရုပ်ရှင်ကားလို့ မှတ်ချက်ပေးခဲ့ပါတယ်။

အော်စကာဆုပေးပွဲကို မတ်လ ၂၇ ရက်ကျရင် လော့စ်အိန်ဂျလိစ်မြို့မှာ ကျင်းပမှာဖြစ်ပြီး Writing with Fire ကတော့ အော်စကာဆုမှာ ဆန်ခါတင်စာရင်းဝင်တဲ့ အိန္ဒိယရဲ့ ပထမဆုံး မှတ်တမ်းရုပ်ရှင်ကား ဖြစ်ပါတယ်။ ဒါပေမဲ့ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်သူတွေက သူတို့ရဲ့ဇာတ်လမ်းကို ပုံဖျက်ဖော်ပြမှု လုပ်ခဲ့တယ်လို့ Khabar Lahariya မီဒီယာက ဆိုပါတယ်။

ဇာတ်ကားထဲမှာ Khabar Lahariya ရဲ့ ဂျာနယ်လစ်တွေက ပြည်နယ်အစိုးရရဲ့ သဘောထားတင်းမာတဲ့ ဟိန္ဒူနိုင်ငံရေးလမ်းစဉ်ကိုပဲ အာရုံစိုက်နေသယောင် ဖော်ပြထားကြောင်း၊ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်း Khabar Lahariya က ပါတီအများအပြားနဲ့ပတ်သက်တဲ့ သတင်းတွေ ရေးခဲ့ကြောင်း၊ ပြောသလိုမလုပ်တဲ့အခါတိုင်း သူတို့ကို မှန်ထဲ ပြန်မြင်လာအောင် ရေးသားဖော်ပြမှု လုပ်တတ်ကြောင်း ရှင်းလင်းချက် ထုတ်ပြန်ထားပါတယ်။

” ဒီရုပ်ရှင်ကားက ကျွန်မတို့ရဲ့ နှစ် ၂၀ ခရီးမှာ အရေးပါတဲ့အချိန်ကာလကို မီးမောင်းထိုးဖော်ပြထားတယ်။ အော်စကာဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့တာက အံ့မခန်းအဆင့်တစ်ခုပါ။ တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်မှု ရရှိခဲ့တယ်။ ဒါပေမဲ့ အဲဒါက ကျွန်မတို့ ဖြတ်သန်းခဲ့တဲ့ ခရီးလမ်းရဲ့ အစိတ်အပိုင်းငယ်တစ်ရပ်ပါပဲ။ တစ်ခါတရံကျရင် တစ်စိတ်တစ်ပိုင်းပဲ ဖော်ပြတာမျိုးက ဖြစ်ရပ်တစ်ခုလုံးကို ပုံဖျက်သလို ဖြစ်တတ်ပါတယ်” လို့ Khabar Lahariya ရဲ့ ဆက်သွယ်ရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။

အော်စကာဆု ဆန်ခါတင်စာရင်းဝင်ခဲ့တဲ့နောက် တစ်ကမ္ဘာလုံးက Khabar Lahariya မီဒီယာအပေါ် အာရုံစိုက်မိလာပေမဲ့ Khabar Lahariya ဂျာနယ်လစ်တွေကတော့ ပုံမှန်အတိုင်း သတင်းတင်ဆက်မှုတွေ လုပ်နေဆဲပါပဲ။ ပြီးခဲ့တဲ့တစ်ပတ်မှာ စီမံခန့်ခွဲမှုအယ်ဒီတာ မီရာနဲ့ အကြီးတန်းသတင်းထောက် နာဇနီတို့ဟာ သူတို့ရုံးကနေ ၃၁ မိုင်ကွာဝေးတဲ့နေရာမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မကြာခဏ ဖြစ်နေတယ်ဆိုတဲ့ သတင်းကို သွားရောက်ရယူတင်ဆက်ခဲ့ပါတယ်။ အဲဒီနေရာဟာ ဥတ္တာပရာဒက်ရှ်ပြည်နယ်မြို့တော် လက်ခ်နောင်းမြို့ကနေ ကီလိုမီတာ ၂၀၀ ကွာဝေးတဲ့ ဘန်ဒါမြို့ကတောင် ၃၁ မိုင် ဆက်သွားရသေးတဲ့ ရွာတစ်ရွာ ဖြစ်ပါတယ်။

အပူချိန် ၃၇ ဒီဂရီစင်တီဂရိတ်အထိ ရှိနေပြီး မီးမလာတဲ့ နွေညတွေမှာ ရွာသားတွေ ဘယ်လိုနေကြမလဲဆိုတဲ့ အကြောင်းအရာမျိုးက သူတို့တင်ဆက်လေ့ရှိတဲ့ ပုံစံမျိုးပါပဲ။ နာဇနီဟာ အိမ်တွင်းအကြမ်းဖက်တဲ့ ခင်ပွန်းရဲ့လက်ကနေ လွတ်မြောက်ပြီး ရင်သွေးတွေကို ကျွေးမွေးစောင့်ရှောက်ဖို့ ဂျာနယ်လစ်အဖြစ် အသက်မွေးခဲ့သူပါ။
မီရာနဲ့ နာဇနီတို့ ၂ ယောက်လုံး ၁၃ နှစ်နဲ့ ၁၄ နှစ်အရွယ်တွေမှာပဲ အိမ်ထောင်ပြုခဲ့ရသူတွေပါ။ ဘန်ဒယ်ခန်းမြို့ဟာ အမျိုးသမီးတွေကို သူစိမ်းအမျိုးသားတွေနဲ့ စကားပြောခွင့်မပြုပါဘူး။ ဒီတော့ မီရာနဲ့ နာဇနီတို့က အင်တာဗျူးသွားလုပ်ကြတဲ့အခါ အများစုက သူတို့ကို ကောင်းကောင်းပြန်မဖြေကြပါဘူး။ တချို့တွေကတော့ ”နင်တို့တွေ ဈေးပဲ ရောင်းစားပါလား”လို့ ပြောတာမျိုးတောင် ရှိပါတယ်။

တစ်ခါတလေ ညအိပ်ပြီး အလုပ်လုပ်ရတဲ့ အခါတွေမျိုးမှာလည်း မိသားစုတွေ၊ ပတ်ဝန်းကျင်က လူတွေရဲ့ ပြစ်တင်ဝေဖန်မှုတွေ ရင်ဆိုင်ရပါသေးတယ်။ သူတို့က အဲဒီအခက်အခဲတွေကို ကျော်လွှားပြီး Khabar Lahariya မီဒီယာကို ဆက်လည်ပတ်ခဲ့ကြတာပါ။ ဒါကြောင့်လည်း မိသားစုတွေက သူတို့သမီးတွေကို Khabar Lahariya မီဒီယာမှာ အလုပ်လုပ်ခွင့် မပြုခဲ့ကြပါဘူး။ ဒါပေမဲ့ အခြေအနေတွေက ပြောင်းလဲသွားပါပြီ။ အခုချိန်မှာတော့ မိဘတွေကိုယ်တိုင်က သူတို့သမီးအတွက် Khabar Lahariya မီဒီယာမှာ အလုပ်တစ်နေရာလောက် မရှိဘူးလားဆိုပြီး မေးရတဲ့ အခြေအနေ ဖြစ်လာပါပြီ။

Ref: BBC “Oscars 2022: Writing with Fire puts spotlight on India’s underdogs”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top