မျက်စိမကွယ်ခင် ကမ္ဘာ့အထင်ကရနေရာတွေကို မြင်ဖူးချင်တဲ့ ကလေးငယ်အတွက် Blink-182 ဒရမ်မာ ထရာဗစ်ဘာကာက ငွေကြေးလှူဒါန်းပေး

21.8.23-yyl-5.jpg

မျက်စိနှစ်ဖက်လုံး မကွယ်ခင် ကမ္ဘာ့အထင်ကရ နေရာတွေ မြင်ဖူးချင်လို့ ဖျော်ရည်ရောင်းပြီး ခရီးစရိတ် ရှာဖွေနေတဲ့ ၉ နှစ်အရွယ် ကလေးငယ်ကို Blink-182 ဂီတအဖွဲ့ရဲ့ ဒရမ်မာ ထရာဗစ်ဘာကာက ငွေကြေး လာရောက်လှူဒါန်းခဲ့ပြီး အတူတူ သီချင်းတွဲဆိုပေးခဲ့ပါတယ်။

ဂရေဆန်ရောဘတ်လို့ အမည်ရတဲ့ ကလေးငယ်ဟာ ရှားပါးတဲ့ Axenfeld-Rieger ဆင်ဒရုန်း ခံစားနေရသူပါ။ မျက်ကြည်လွှာ အစားထိုးခွဲစိတ်မှု ၅ ကြိမ်အပါအဝင် ခွဲစိတ်ကုသမှု ၃၂ ကြိမ်တိုင်တိုင် လုပ်ခဲ့ရသူပါ။ လောလောဆယ်တော့ ဂရေဆန်ရဲ့ မျက်လုံးတစ်ဖက်က နည်းနည်းမြင်ရပါသေးတယ်။

ဂရေဆန်က သူ့အိမ်ရှေ့မှာ ရှောက်သီးဖျော်ရည်ဆိုင်လေး ဖွင့်တယ်။ စိတ်ဓာတ်ခွန်အား မြှင့်တင်ရေး ဟောပြောသူ ချာလီဂျဘလေက ဂရေဆန်ကို စပြီး သတိထားမိသွားတယ်။ သူ့ဆိုင်လေး စည်ကားလာအောင် ကူညီခဲ့တယ်။ ပြီးခဲ့တဲ့ သောကြာနေ့ ညနေခင်းမှာတော့ ထရာဗစ်ဘာကာက ဒရမ်တီးတဲ့ တုတ်ချောင်းတွေ ကိုင်ပြီး ဂရေဆန်ရဲ့ ဆိုင်ကို ရောက်လာခဲ့တယ်။

” ရောင်းကောင်းရဲ့လား ဂရေဆန်။ တွေ့ရတာ ဝမ်းသာတယ်ကွာ။ မင်းအတွက် ဒရမ်တီးတဲ့ တုတ်ချောင်းတွေ ယူလာပေးတယ်။ မင်း ဒရမ်တီးပြီး သီချင်းဆိုနေတဲ့ ဗီဒီယို ကြည့်လိုက်ရလို့လေ။ မင်းအတွက် ပစ္စည်းတချို့ ဝယ်လာပေးတယ်။ ပိုက်ဆံနည်းနည်းလည်း ပါတယ်”လို့ ထရာဗစ်က ပြောခဲ့တာပါ။

အဲဒီနောက်မှာ ဂရေဆန်က သီချင်းတွဲဆိုခွင့်ရမလားလို့ မေးမြန်းချိန်မှာ ထရာဗစ်က ဒရမ်တီးပေးပြီး ဂရေဆန်ကို သီချင်းဆိုခိုင်းခဲ့တာပါ။ ဂရေဆန်က အဒမ်ဂျန်ဆန်ရဲ့ Street Fight သီချင်းကို သီဆိုခဲ့တာဖြစ်ပါတယ်။ သီဆိုမှုအပြီးမှာ ထရာဗစ်က ဂရေဆန်ရဲ့ နာမည်ကို တိုင်ပေးခဲ့ပြီး ပရိသတ်တွေကလည်း သူ့အမည်ကို ဟစ်ကြွေးခဲ့ကြပါတယ်။ ထရာဗစ်က ဂရေဆန်အတွက် ငွေကြေး အမြောက်အများ လှူဒါန်းခဲ့တယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

Ref: Travis Barker performs with nine-year-old blind boy in LA and makes donation for him to travel the world
Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top