အထက်တန်းမအောင်ခင် သေနတ်နဲ့ အပစ်ခံရပြီး အကြောသေသွားခဲ့တဲ့ အမျိုးသား၊ ၇ နှစ်အကြာမှာ ကိုယ်တိုင်ဘွဲ့ရယူနိုင်ခဲ့

30.5.2023-yyl-4.jpg

လွန်ခဲ့တဲ့ ၇ နှစ်က အထက်တန်းကျောင်းမပြီးခင် သေနတ်အပစ်ခံရပြီးနောက် အကြောသေသွားခဲ့တဲ့ ခါလီလ် ဝက်တ်ဆန်ဆိုတဲ့ အမျိုးသားမှာ၊ ဘွဲ့နှင်းသဘင်အခမ်းနားမှာ လမ်းလျှောက်ပြီး ဘွဲ့ယူဖို့ အခွင့်အရေးဆိုတာ မရှိခဲ့တာပါ။ ဒါပေမဲ့ ရုပ်ပိုင်းဆိုင်ရာကုထုံးပညာရှင်တွေ၊ လမ်းလျှောက်လို့ရနိုင်တဲ့ စက်ရုပ်ဝတ်စုံတွေရဲ့အကူအညီနဲ့ ခါလီလ်ဟာ ပြီးခဲ့တဲ့အပတ်က ဝှီးချဲပေါ်ကနေ ထပြီး သူ့ရဲ့ပထမဆုံးကောလိပ်ဘွဲ့ကို စင်မြင့်ထက်ဆီ လမ်းလျှောက်ပြီး ရယူနိုင်ခဲ့ပါတယ်။

ခါလီလ်က သူ အထက်တန်းကျောင်းမှာ မလုပ်နိုင်ခဲ့ပေမဲ့ အခု လူကိုယ်တိုင် ဘွဲ့ယူနိုင်ခဲ့တဲ့အတွက် အိပ်မက်တစ်ခုလို ခံစားမိခဲ့တယ်၊ သူ လမ်းလျှောက်ပြီး ဘွဲ့ယူတဲ့အပေါ် လူမှုကွန်ယက်အသုံးပြုသူတွေရဲ့ကွန်မန့်တွေမြင်မှ ဒါက တကယ်ဆိုတာကို နားလည်ခဲ့ရတယ်လို့ ဆိုပါတယ်။ သူက Reynolds Community College ကနေ လူမှုလုပ်ငန်းဆိုင်ရာတွဲဖက်ဘွဲ့ကို ရရှိခဲ့တာပါ။

ခါလီလ်က အထက်တန်းကျောင်းဘွဲ့နှင်းသဘင်အခမ်းအနားမတိုင်ခင် နှစ်ပတ်အလို ၂၀၁၆ ခုနှစ် မေလ ၂၆ ရက်နေ့မှာ လုယက်ခံရပြီး လည်ပင်းကို သေနတ်နဲ့ အပစ်ခံခဲ့ရတာပါ။ သေနတ်သမားကိုတော့ တစ်ပတ်အကြာမှာ သေဆုံးလျက်တွေ့ရှိခဲ့ရပါတယ်။ ခါလီလ်ရဲ့အခြားအတန်းဖော်တွေက ဘွဲ့နှင်းသဘင်အခမ်းအနားကို တက်ရောက်နေစဉ် သူကတော့ ဆေးရုံတက်နေခဲ့ရပါတယ်။

ဆေးရုံမှာ (၃) လ လောက်နေခဲ့ရပြီး အဲဒီအချိန်အတွင်း သူ့ကို လူမှု့ဝန်ထမ်းလုပ်ဖို့ တိုက်တွန်းအားပေးကြတဲ့ လူမှု့ဝန်ထမ်းအများအပြားနဲ့ တွေ့ဆုံခဲ့ရပါတယ်။ သူ ကောလိပ်တက်တော့လည်း ညမိုးချုပ်တဲ့အထိ စာလေ့လာခဲ့တယ်။ မနက်ဆို စောစောထပြီး စာလေ့လာခဲ့တဲ့အပြင် ကောလိပ်ကို ကားနဲ့သွားလို့မရတဲ့ တချို့ရက်တွေဆိုရင်လည်း ကျောင်းမပျက်ချင်လို့ တစ်နာရီလောက် ဝှီးချဲနဲ့ သွားခဲ့ရတယ်လို့ သူက ဆိုပါတယ်။

ခါလီလ်က သူ့ရဲ့ပညာရေးကို ဆက်ပြီးဆည်းပူးဖို့နဲ့ လူမှုလုပ်ငန်းဆိုင်ရာ တက္ကသိုလ်ဘွဲ့နဲ့ မဟာဘွဲ့နှစ်ခုလုံး ယူဖို့ ရည်ရွယ်ထားပါတယ်။

Ref: Weeks before graduating high school, he was shot and paralyzed. 7 years later, he walked across the stage to accept his college degree

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top