စိတ်ဓာတ်ကျတာကို ပြန်လည်ကုစားခြင်း

40310632_1160405504111194_1198104685114818560_n.jpg

“ငွေစက္ကူ ပြုတ်ကျရင် ပြန်ကောက်လိုက်လို့ရပေမဲ့ စိတ်ဓာတ်ကျတာက ပြန်ကောက်ဖို့ မလွယ်ကူပါဘူး”။ အရမ်းမှန်တဲ့ စာသားလေးပါ။ ဘဝမှာ ကြိုးစား သလောက် အရာမထင်တဲ့အခါ ခြေကုန်လက်ပမ်းကျ သွားမိတာတွေ ရှိသလို ခုလို ခေတ်ကြီးထဲမှာက ဘာမှမလုပ်ဘဲ ဖေ့စ်ဘွတ်ခ် ထိုင်သုံးနေရင်းတောင် အလိုလို အထီးကျန် စိတ်ဓာတ်ကျလာတာမျိုးပါ။

အလွန်အကျွံ ဝမ်းနည်းစိတ်ဖြစ်ခြင်း၊ ပျော်ရွှင်စရာအကြောင်းအရာတွေကိုတောင် စိတ်ဝင်စားမှု ပျောက်ဆုံးနေခြင်း၊ ဘာလုပ်လုပ် စိတ်မပါ လက်မပါ ဖြစ်ခြင်း၊ လှုပ်လှုပ်ရှားရှား မရှိပါဘဲ အားအင်ကုန်ခမ်းခြင်း၊ စားချင်စိတ်ပျောက်ခြင်း ဒါမှမဟုတ် အလွန်အကျွံ စားချင်စိတ် ဖြစ်ခြင်း၊ ပင်ပန်းပေမဲ့ အိပ်မပျော်ခြင်း ဒါမှမဟုတ် ပုံမှန်ထက် အအိပ်လွန်ခြင်း စတဲ့ လက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ စိတ်ဓာတ်ကျနေပြီဆိုတာ သိနိုင်ပါတယ်။

လူ ဆယ်ယောက်မှာ တစ်ယောက်လောက်က စိတ်ဓာတ်ကျခြင်းကို ခံစားရတတ်ပါတယ်။ တစ်ခါတလေ ကိုယ့်ကိုယ်ကို အသုံးမကျတဲ့ လူတစ်ယောက် ဖြစ်နေပြီဆိုတဲ့ အထိ ခံစားမိတာမျိုးလည်း ရှိပြီး အဆိုးရွားဆုံး အခြေအနေမှာဆို ကိုယ့်ကိုယ်ကို သတ်သေချင်လောက်တဲ့ အဆင့်အထိ ဖြစ်နိုင်ပါတယ်။ နာမည်ကြီး ပုဂ္ဂိုလ်တွေ၊ အနုပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကအစ ကျောင်းသားအရွယ် လူငယ်တွေအဆုံး စိတ်ကျဝေဒနာကြောင့် ကိုယ့်ကို ကိုယ်သေကြောင်းကြံစည်သွားတွေလည်း တွေ့ရဖူးပါတယ်။ စိတ်နဲ့ ပတ်သက်ဆက်နွယ်တဲ့ အရာတွေဖြစ်လို့ တစ်ခါတလေမှာ နေရင်းထိုင်ရင်း အကြောင်း ရင်း မယ်မယ်ရရ ရှာမတွေ့ဘဲကို စိတ်ဓာတ်ကျတာမျိုးတွေ ဖြစ်ဖူးပါတယ်။

လူတစ်ယောက်ရဲ့ ပင်ကိုစရိုက်လက္ခဏာကလည်း အရေးကြီးပါတယ်။ စိတ်ဓာတ်ကျတဲ့အခါ ကိုယ့်ကိုကိုယ်နဲ့ လောကကြီးကို မကောင်းမြင်စိတ်တွေ ဝင်လာ ပါတယ်။ ကံကောင်းတာထက် ကံဆိုးတာတွေက ပိုများတယ်လို့ ထင်လာကြပါတယ်။ တချို့ကျတော့ စိတ်ဓာတ်ကျစရာတွေ မရှိပါဘဲ ပင်ကိုယ် ဓာတ်ခံက မကောင်းမြင်အတွေးတွေ ကြီးစိုးနေသူ၊ ပင်ကိုစိတ်ဓာတ်ကျနေတတ်တဲ့ စရိုက်မျိုး ဖြစ်ပါတယ်။

ဒါဆိုစိတ်ဓာတ်ကျခြင်းကို ဘယ်လိုပြန်လည်ကုစားကြမလဲ။ နေ့စဉ် ဆောင်ရွက်ချက်တွေအတွက် ပန်းတိုင်သတ်မှတ်ထားပါ။ အကျိုးရှိတဲ့အလုပ်တွေနဲ့ ကိုယ့်ရဲ့ တစ်နေ့တာကို စီမံကိန်း ချထားပါ။ ဘာပြီးရင် ဘာလုပ်မယ်ဆိုပြီး တွေးထားရင် စိတ်ဓာတ်ကျစရာတစ်ခုမှတောင် တွေးချိန်ရလိုက်မှာ မဟုတ်ပါဘူး။ နောက်တစ်ခု က ကိုယ်ဝါသနာပါရာကို သိပြီး ဝါသနာပါတဲ့ အလုပ်တွေအတွက် အချိန်ပိုပေးပါ။ စိတ်ဓာတ်ကျနေတဲ့အချိန်မှာ အပြုအမူနဲ့ ခံစားချက်တွေက အရင် စိတ်ဓာတ် မကျခင် အချိန်တွေနဲ့ယှဉ်ရင် ဘယ်လိုဆိုပြီး လိုက်မနှိုင်းယှဉ်ပါနဲ့။ ကိုယ့်ရဲ့ တစ်နေ့တာ ကြိုးစားမှု အသေးလေးတွေကို ဂုဏ်ပြုပါ။ ဥပမာ – ကိုယ့် မိသားစု ဝင်တွေဆီကလည်း ကိုယ့်ရဲ့ အောင်မြင်မှုလေးတွေအတွက် ချီးကျူးအားပေးစကား တောင်းခံပါ။

စိတ်ဓာတ်ကျတာကို ပြန်ကုစားတာက ခြေထောက်ကျိုးပြီး လမ်းပြန်လျှောက်နိုင်ဖို့ ပြန်ကျင့်ရတာနဲ့ တူပါတယ်။ ခက်ခဲတဲ့အလုပ်နဲ့ တွေ့တဲ့အခါ စိတ်ပျက်ပြီး လက်မှိုင်မချပစ်ပါနဲ့။ လွယ်လွယ်လေးပါလို့ စိတ်သွင်းပြီး တစ်ဆင့်ချင်း ဖြေရှင်းကြည့်ပါ။ ကိုယ်ပုံမှန်ကြိုက်တဲ့ အစားအစာတွေကို နည်းနည်းချင်းစီ ဖြည်းဖြည်း စားပါ။ မနက်တိုင်းပုံမှန် အိပ်ရာထပါ။ နေ့ခင်းဘက် မအိပ်ပါနဲ့။ တစ်နေ့ကို ကော်ဖ ၊ လက်ဖက်ရည် နှစ်ခွက်ထက် ပိုမသောက်သင့်သလို ညနေ လေးနာရီ ကျော်တဲ့အခါမှာလည်း မသောက်သုံးသင့်ပါဘူး။ မနက်ခင်းမှာ အိပ်ရာမထသေးဘဲ မိနစ် ၃၀ လောက် လဲလျောင်းနေတာမျိုးလည်း မလုပ်သင့်ပါဘူး။ ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်းတစ်ခုခု ဆောင်ရွက်ပေးရပါမယ်။

စိတ်ဓာတ်ကျခြင်းကို ပြန်လည်ကုစားတဲ့နေရာမှာ အကောင်းဆုံးကတော့ အရေးမပါတဲ့ အတွေးတွေကို ခေါက်ထားလိုက်တာပါပဲ။ အဆိုးမြင် အတွေးတွေ၊ ခံစားချက်တွေက ကိုယ်မကြိုက်တဲ့ အကြောင်းအရာတွေ ဒါမှမဟုတ် ကိုယ့်ဘဝ အခြေအနေတွေကိုပဲ သွားသွားပြီး အာရုံစိုက်မိစေပါတယ်။ ဒီအတွေးတွေ ကပဲ လက်ရှိပြဿနာက ရှိရင်းစွဲအခြေအနေထက် ပိုဆိုးနေတယ်လို့ တွေးမိစေတာပါ။ စိတ်ဓာတ်ကျတဲ့အခါ ကိုယ့်ရဲ့ ကောင်းတဲ့ အချက်တွေကို လျှော့တွက် မိ တတ်ပါတယ်။ ဒါကြောင့် မျှမျှတတ တွေးတတ်ဖို့ လိုပါတယ်။ တစ်နေ့တာမှာ ကိုယ့်ရဲ့ကောင်းတဲ့အချက် ၃ ချက်ကို ချရေးပါ။ ကိုယ့်ကိုကိုယ် အဆိုးမြင် လာတိုင်း ဒီအချက်တွေကို ပြန်ဖတ်ပါ။ အတိတ်မှာ ကိုယ်ပျော်ရွှင်ရတဲ့ အရာတွေ ပြန်တွေးပြီး အနာဂတ်အတွက် စိတ်ကျေနပ်နူးစရာတွေကို စဉ်းစားပါ။

လူတစ်ယောက်ရဲ့ ဘဝမှာ စိတ်ဓာတ်ကျဖို့က လွယ်ပေမဲ့ စိတ်ဓာတ်ပြန်တည့်မတ်ဖို့ကတော့ ခက်ပါတယ်။ အဓိကကတော့ ကိုယ့်ရဲ့ ပင်ကိုစိတ်နေ သဘော ထား (attitude) ပါပဲ။ ကျွန်မဖတ်ဖူးတဲ့ ပို့စ်လေးတစ်ခုက သဘောကျမိတဲ့ အချက်လေးတစ်ခုကိုပြောပြရင်း ဒီစာလေးကို အဆုံးသတ်ချင်ပါတယ်။

အင်္ဂလိပ်အက္ခရာ ၂၆ လုံးကို နံပါတ်စဉ်ထိုးကြည့်လိုက်တဲ့အခါ (ဥပမာ A ဆိုရင် ၁၊ B ဆိုရင် ၂၊ Z ဆိုရင် ၂၆ ပေါ့) ဘဝမှာ ရာနှုန်းပြည့် အောင်မြင်ဖို့ ဘာက အရေးကြီးဆုံးဆိုတာ သိလိုက်ရပါတယ်။ အဲဒါကတော့ Attitude ပါပဲ။ Attitude ဆိုတဲ့ အက္ခရာ အားလုံးပေါင်းတော့ ၁၀၀ အပြည့်ရပါသတဲ့။ ဒါကြောင့် စိတ်နေစိတ်ထားကို ပြောင်းမယ်ဆိုရင် ဘဝတစ်ခုလုံး ပြောင်းလဲနိုင်လို့ စိတ်ဓာတ်ကျတိုင်း ပြန်လည်ကုစားနိုင်စွမ်း ရှိတဲ့ စိတ်နေသဘောထားပိုင်ရှင်တွေ ဖြစ်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top