ခန္ဓာကိုယ်အပြင်ဘက်မှာ အစာအိမ်၊ အသည်း၊ အူအင်္ဂါအစိတ်အပိုင်း တွေပါပြီး မွေးဖွားလာခဲ့တဲ့ ကလေးလေး

10-8-2020-yyl-028.jpg

စာဖတ်ပရိသတ်တွေကို သာမန်ကလေးတွေလိုမဟုတ်ဘဲ အစာအိမ်၊ အသည်း၊ အူအင်္ဂါအစိတ်အပိုင်းတွေက ခန္ဓာကိုယ်အပြင်ဘက်မှာပါရှိပြီး မွေးဖွားလာခဲ့တဲ့ အသက် (၂) နှစ်ကလေးလေးအကြောင်းကို ပြောပြပေးချင်ပါတယ်။ အဲဒီကလေးလေးက လော့ရယ် ဖီဇကယ်လီယား (Laurel Phizacklea) ဆိုတဲ့ကလေးမလေး ဖြစ်ပြီး သူ့ကို အသက်ရှင်မယ်လို့ မမျှော်လင့်ခဲ့တဲ့အတွက် သူ့မိခင်ကို ကိုယ်ဝန် (၁၂) ပတ်မှာ ကိုယ်ဝန်ဖျက်ချဖို့တောင် တောင်းဆိုခဲ့ကြတာပါ။

မိဘတွေဖြစ်ကြတဲ့ ကယ်လီ (အသက် ၃၀) နဲ့ ဆမ် (အသက် ၃၄) တို့ကို ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ သူတို့ရဲ့ကလေးဟာ ဝမ်းဗိုက်ပိုင်းနံရံမပေါ်တဲ့ exomphalos အခြေအနေရှိခဲ့တယ်လို့ ပြောခဲ့တာပါ။ သူတို့တွေက ကိုယ်ဝန်ကို ဖျက်မချခဲ့ဘဲ လော့ရယ်လေးကို ၂၀၁၈ခုနှစ် ဇွန်လ ၆ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ လော့ရယ်လေးက တကယ့်ကို အံ့သြဖို့ကောင်းတဲ့ကလေးလေးပါပဲ။ အစာအိမ်၊ အသည်းနဲ့ အူအင်္ဂါအစိတ်အပိုင်းတွေကို သူ့ခန္ဓာကိုယ်အပြင်မှာ ရှိပြီး နေထိုင်နိုင်ခဲ့ပါတယ်။ သူ့လိုအခြေအနေမျိုးနဲ့ မွေးဖွားလာခဲ့တဲ့ ကလေးအများစုဟာ မွေးကတည်းက အင်္ဂါအစိတ်အပိုင်းတွေကို သူတို့ခန္ဓာကိုယ်ထဲ ပြန်ထည့်ဖို့အတွက် ခွဲစိပ်ကုသမှု ခံယူခဲ့ကြပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်အပြင်ဘက်က လော့ရယ်ရဲ့အင်္ဂါအစိတ်အပိုင်းနံရံ Exomphalos က ပုံမှန်မဟုတ်ဘဲ ကြီးလာနိုင်တဲ့အတွက် အသက် (၃) နှစ်အထိ ခွဲစိပ်လို့မရသေးဘူးလို့ ဆရာဝန်တွေက ပြောခဲ့ပါတယ်။

သူ့မိဘတွေက လော့ရယ်ရဲ့ အင်္ဂါအစိတ်အပိုင်းတွေ မထိခိုက်အောင် ကာကွယ်ဖို့အတွက် ပတ်တီးနဲ့စည်းပေးခဲ့ပါတယ်။ လော့ရယ်က အခြားမွေးကင်းစကလေးတွေလိုပဲ စားတာ၊ သောက်တာ၊ အပေါ့၊အလေးသွားတာတွေလုပ်နိုင်ပါတယ်။ ဒါပေမဲ့ ကလေးရဲ့ အင်္ဂါအစိတ်အပိုင်းတွေ ထိခိုက်ဒဏ်ရာမရဖို့ သူ့မိဘတွေက ဂရုစိုက်ပေးခဲ့ရပါတယ်။ လော့ရယ်လေးက သူ့ရဲ့ဗိုက်ကို သဘောကျပြီး ကြီးပြင်းလာခဲ့တာ အခုဆို အသက် (၂) နှစ် ကျော်နေပါပြီ။ သူ့အမေကယ်လီက “သမီးက သူ့ရဲ့ဗိုက်ကို အရမ်းသဘောကျတာ။ ကျွန်မက သူ့ကို ရေချိုးပေးတဲ့အခါ သူ့ဗိုက်ကို ပွတ်ပြီး အာ… ဗိုက်ကလေးဆိုပြီး ပြောရှာတယ်။ ဒါက အရမ်းချစ်ဖို့ကောင်းတယ်။ သမီးလေးက ဒါနဲ့ပတ်သက်ပြီး ဂုဏ်မယူဘဲနဲ့ကို မနေနိုင်ခဲ့ဘူး။ ဒါပေမဲ့ အဲဒါမရှိတော့တဲ့အချိန်ကျရင် ဘယ်လိုတုံ့ပြန်မလဲဆိုပြီး ကျွန်မ စိုးရိမ်မိတယ်”လို့ပြောပါတယ်။

လော့ရယ်လေးကို ကိုယ်ဝန်ဆောင်စဉ်တစ်လျှောက်လုံး သူတို့ဘယ်လို လုပ်ရမလဲမသိခဲ့ဘူးလို့ ကယ်လီက ပြောပါတယ်။ “သမီးလေး အသက်မရှင်ခဲ့ရင်လို့ တွေးမိခဲ့တယ်။ ဒါပေမဲ့ ဆမ်နဲ့ ကျွန်မ မျှော်လင့်ချက်ကို မစွန့်လွှတ်ခဲ့ဘူး။ သမီးလေးက ကျွန်မတို့ အရမ်းဂုဏ်ယူရအောင် လုပ်ခဲ့တယ်။ သမီးလေးက ကျွန်မတို့ကို နေ့တိုင်း အံ့အားသင့်အောင်လုပ်နိုင်တယ်” လို့ ဆိုပါတယ်။ ဆရာဝန်တွေက ကယ်လီ ကိုယ်ဝန် (၁၂) ပတ်မှာ ကလေးပုံစံမမှန်ဘူးဆိုတာကို သိရှိခဲ့ပြီး ကယ်လီတို့ကို ကလေးဖျက်ချပစ်ရမယ်လို့ ပြောတော့ ကယ်လီ ထိတ်လန့်ခဲ့ရတယ်လို့ ဆိုပါတယ်။

“ကျွန်မကို ကိုယ်ဝန်ဖျက်ချဖို့ပြောတော့ ကျွန်မကြားနေတဲ့အရာကို မယုံနိုင်ဖြစ်ခဲ့ရပါတယ်။ လူတွေက ပြောပါတယ်။ နောက်ထပ် ကိုယ်ဝန်ဆောင်လို့ ရပါတယ်တဲ့။ ဒါပေမဲ့ ကျွန်မ နောက်ထပ်ကလေးမလိုချင်ခဲ့ဘူး။ ဒီကလေးကို ချစ်မိနေပြီး သူ့အတွက် ကျွန်မတို့ အကောင်းဆုံးလုပ်ပေးချင်ခဲ့တယ်”လို့ ကယ်လီက ပြောပါတယ်။ ကယ်လီက ကိုယ်ဝန်ဆက်ဆောင်ခဲ့ပြီး နှစ်ပတ်တစ်ခါတိုင်း စစ်ဆေးပါတယ်။ ကလေးမှာ Exomphalos အခြေအနေပါဖို့ဆိုတာ (၈၀) ရာခိုင်နှုန်းရှိခဲ့တဲ့အတွက် နောက်ထပ်ဆေးစစ်မှု တွေလည်းခံယူခဲ့ရပါတယ်။ အဲဒီဆေးစစ်မှုတွေက သူတို့ကလေးရဲ့နှလုံးမှာ အပေါက်ပါမယ်လို့လည်း ပြခဲ့ပါတယ်။

လော့ရယ်ကို မွေးခါနီး (၂) ပတ်မှာ ဆရာဝန်တွေက Exomphalos က အရွယ်အစားနှစ်ဆလောက်ရှိတာကို တွေ့ရှိခဲ့ပြီး ကလေးက အသက်ရှင်နိုင်မှာ မဟုတ်ဘူးလို့လည်း ပြောခဲ့ပါတယ်။ ကလေးမွေးဖွားတဲ့အချိန်မှာ လော့ရယ်ရဲ့ငိုသံလေး ကြားလိုက်မှာပဲ ကယ်လီတို့ စိတ်သက်သာရာရခဲ့ကြပါတယ်။ လော့ရယ်က (၇) ပေါင် (၅) အောင်စနဲ့ မွေးဖွားလာခဲ့တာပါ။ အထူးကြပ်မတ်ခန်းထဲမပို့ခင်မှာတော့ အသက်ရှုစက်နဲ့ ထားခဲ့ရပါတယ်။ (၂) လခွဲအကြာမှာတော့ ဆေးရုံက ဆင်းခွင့်ရခဲ့ပါတယ်။ ၂၀၂၁ခုနှစ်အစပိုင်းမှာ လော့ရယ်လေးက ခန္ဓာကိုယ်အပြင်ဘက်ရောက်နေတဲ့ အင်္ဂါအစိတ်အပိုင်းတွေ နဂိုအတိုင်းဖြစ်ဖို့ ခွဲစိပ်ကုသမှုခံယူသွားမှာဖြစ်ပါတယ်။

Ref: TheSun ‘TRUE INSPIRATION’ Amazing girl, 2, born with her stomach, liver and bowel on the OUTSIDE of her body defies the odds”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top