ရတနာခိုးယူမှုနဲ့ လူသတ်မှု အရှုပ်တော်ပုံကြောင့် နှစ် ၃၀ ကြာ ပဋိပက္ခဖြစ်ပွားမှုကို ဆော်ဒီနဲ့ ထိုင်း အဆုံးသတ်

26-2-2022-yyl13.jpg

ခိုးယူခဲ့သည့်ရတနာပစ္စည်းများကို ပြထားစဥ်

ကျောက်မျက်ရတနာ ခိုးယူမှုနဲ့ လူသတ်မှု အရှုပ်တော်ပုံကြောင့် နှစ် ၃၀ ကြာ ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့ ဆော်ဒီနဲ့ ထိုင်းနိုင်ငံကြား သံတမန်ရေးရာ ဆက်ဆံရေး အပြည့်အဝ ပြန်လည်တည်ဆောက်ခဲ့ပါပြီ။၁၉၈၉ ခုနှစ်က ဆော်ဒီဘုရင် ဖာဟတ်ဒ်ရဲ့ အကြီးဆုံးသားဖြစ်သူ မင်းသားဖိုင်ဆယ်ဆီမှာ အမှုထမ်းတဲ့ ထိုင်းနိုင်ငံသား သန့်ရှင်းရေးသမား ခရင်းခရိုင်က ကျောက်မျက်ရတနာတွေကို ခိုးယူသွားခဲ့တာပါ။ အဲဒီခိုးယူမှုမှာ ပျောက်ဆုံးသွားခဲ့တဲ့ ကာရက် ၅၀ ရှိ ရှားပါးစိန်ပွင့်ပြာကြီးကိုတော့ လုံးဝပြန်မတွေ့တော့ပါဘူး။

ခရင်းခရိုင်ဟာ ထိုင်းနိုင်ငံကို ပြန်ရောက်လာပြီးနောက်မှာ သူ ခိုးယူလာခဲ့တဲ့ ကျောက်မျက်ရတနာတွေ ဘယ်လောက်တန်ဖိုးကြီးသလဲဆိုတာ မသိဘဲ ရသလောက်ဈေးနဲ့ ရောင်းချခဲ့ပါတယ်။ ကျောက်မျက်ရတနာတွေ ခိုးယူခံရပြီး တစ်နှစ်အကြာမှာတော့ ထိုင်းနိုင်ငံမှာရှိတဲ့ ဆော်ဒီသံအမတ် ၃ ယောက် ပစ်သတ်ခံရပြီး အခိုးခံရတဲ့ရတနာပစ္စည်းတွေကို ခြေရာခံစုံစမ်းဖို့ ထိုင်းနိုင်ငံထံ စေလွှတ်ထားတဲ့ စုံစမ်းစစ်ဆေးသူလည်း ပျောက်ဆုံးသွားခဲ့ပါတယ်။

ရတနာပစ္စည်းများကို ခိုးယူခဲ့သည့်ထိုင်းနိုင်ငံသား သန်ရှင်းရေးသမား ခရင်းခရိုင်

အဲဒီရာဇဝတ်မှုနဲ့ ဆက်နွှယ်နေတဲ့ ထိုင်းနိုင်ငံသား ၂ ယောက်လည်း သံသယဖြစ်ဖွယ်ဖြစ်ရပ်မျိုးနဲ့ သေဆုံးခဲ့ပါတယ်။ အဲဒီအရှုပ်တော်ပုံမှာ ထိုင်းရဲတပ်ဖွဲ့ ပါဝင်ပတ်သက်နေတယ်ပြီး အခိုးခံရတဲ့ ကျောက်မျက်ရတနာတွေက ထိပ်တန်းအရာရှိတွေလက်ထဲ ရောက်သွားပြီလို့ ဆော်ဒီနိုင်ငံက စွပ်စွဲခဲ့ပါတယ်။ အသတ်ခံရတဲ့ ဆော်ဒီသံအမတ်တွေဟာ နှုတ်ပိတ်ခံရတာဖြစ်တယ်လို့ ၁၉၉၄ ခုနှစ်မှာ ဆော်ဒီ ဒုတိယသံမှူးက ဆိုပါတယ်။

အဲဒီဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး သန့်ရှင်းရေးဝန်ထမ်း ခရင်းခရိုင်နဲ့ ထိုင်းရဲအရာရှိတစ်ယောက်ပဲ ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ထိုင်းရဲတပ်ဖွဲ့က ကျောက်မျက်ရတနာတချို့ကို ပြန်ပေးခဲ့ပေမဲ့ အများစုက အတုတွေဖြစ်တယ်လို့ ဆော်ဒီနိုင်ငံက ဆိုပါတယ်။ အဲဒီနောက်ပိုင်းမှာ ဆော်ဒီနဲ့ ထိုင်းနိုင်ငံကြား ဆက်ဆံရေးပျက်ပြားသွားခဲ့တာပါ။

ရီယာ့ဒ်မြို့ကိုရောက်ရှိနေသည့် ထိုင်းဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာကို ဆော်ဒီအိမ်ရှေ့မင်းသားလက်ခံတွေ့ဆုံ

ပြီးခဲ့တဲ့အင်္ဂါနေ့မှာတော့ ထိုင်းဝန်ကြီးချုပ် ပရာယွန်ချန်အိုချာက ဆော်ဒီနိုင်ငံ ရီယာ့ဒ်မြို့ကို သွားရောက်ကာ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်မန်နဲ့ တွေ့ဆုံခဲ့ပြီး သံတမန်ရေးရာ ဆက်ဆံရေးအပြည့်အဝ ပြန်လည်တည်ဆောက်ခဲ့ပါတယ်။ ဒါကြောင့် ပြည်ပလုပ်သားသန်းချီ လိုအပ်နေတဲ့ ဆော်ဒီနိုင်ငံမှာ ထိုင်းနိုင်ငံသားတွေ အလုပ်အကိုင် ပြန်လည်ရှာဖွေနိုင်တော့မှာပါ။ ဒါ့အပြင် ခရီးသွားလုပ်ငန်း၊ ရေနံဓာတုလုပ်ငန်း အစရှိတဲ့ ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်တော့မှာပါ။ လာမယ့်မေလကစပြီး ဆော်ဒီလေကြောင်းလိုင်းတွေကလည်း ထိုင်းနိုင်ငံကို တိုက်ရိုက်ခရီးစဉ်တွေ ပြေးဆွဲတော့မယ်လို့ ကြေညာခဲ့ပါတယ်။

Ref: BBC “Blue Diamond Affair: Saudis end dispute with Thailand over stolen gems”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top