အသက်ရှည်ရှည်နေနိုင်ခြင်းရဲ့လျှို့ဝှက်ချက်ကို ပြောပြခဲ့တဲ့ အသက်အရှည်ဆုံးအမျိုးသား

14-1-2021-yyl06.jpg

သြစတြေးလျနိုင်ငံရဲ့အသက်အရှည်ဆုံးအမျိုးသား ဖြစ်တဲ့ ဒက်တာ ခရုဂါ ဟာ မနေ့က အသက် ၁၁၁ နှစ်ပြည့်သွားခဲ့ပါပြီ။ သူ့ရဲ့အသက် ၁၁၁ နှစ်ပြည့်မွေးနေ့ပွဲကို ရိုမာမြို့ငယ်လေးရဲ့ဘိုးဘွားရိပ်သာမှာ ဆင်နွှဲခဲ့ပါတယ်။ အခုနှစ်မှာမွေးနေ့ပွဲဆင်နွှဲတာတွေကိုတော့ ကပ်ရောဂါကြောင့် ကန့်သတ်ထားရမှာဖြစ်ပေမဲ့ ဒက်တာကတော့ သူ့မွေးနေ့ကို ဘိုးဘွားရိပ်သာက သူ့မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ ကျင်းပခွင့်ရခဲ့ပါတယ်။

အသက်ရှည်ရှည်နေနိုင်ခြင်းရဲ့လျှို့ဝှက်ချက်အကြောင်းကို မေးတော့ ဒက်တာက ဒါကတော့ အတော်လေးရိုးရှင်းတယ်လို့ ဆိုပါတယ်။ “လျှို့ဝှက်ချက်မရှိပါဘူး။ ကျွန်တော်တို့ လုပ်နေကျအတိုင်း အသက်ရှုတယ်။ တစ်နေ့ကို (၃) နပ်စားတယ်။ အချိန်တွေကတော့ ဆက်သွားနေတာပါပဲ” လို့ ပြောပါတယ်။ သူက သီချင်းဆိုပြီး လေချွန်တာကို ပုံမှန်လုပ်ဖြစ်ခဲ့တဲ့အပြင် သြစတြေးလျလူမျိုးတွေရဲ့အလေ့အထကို နှစ်အကြာကြီး ထိန်းသိမ်းဖြစ်ခဲ့ပါတယ်။ နေ့တိုင်း ပုဇွန်ထုပ်ကို ဒါဇင်ဝက် စားတယ်။ ပုဇွန်က လူတွေအတွက် အရမ်းကောင်းတယ်လို့ သူထင်တယ်ကြောင်း ဆိုပါတယ်။ ညနေစာအတွက်ကတော့ စွပ်ပြုတ်နဲ့အတူ ငါးသေတ္တာကို မကြာခဏစားတယ်လို့လည်း ပြောပါတယ်။

ဒက်တာရဲ့ဘဝတစ်လျှောက်မှာ ကမ္ဘာစစ်တွေ၊ စီးပွားရေးပျက်ကပ်နဲ့ များလှစွာသောမိုးခေါင်မှုတွေကို ကြုံတွေ့ခဲ့ရပေမဲ့ အသက် (၁၁၁) နှစ်အထိ အသက်ရှည်ရှည်နေထိုင်နေရပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ကပ်ရောဂါနဲ့ပတ်သက်ပြီးတော့ “ကျွန်တော်တို့ ဒီဗိုင်းရပ်စ်ဆိုတဲ့အရာကြီးကို ကျော်လွှားရပါမယ်။ ကျွန်တော်တို့တွေမှာ ကာကွယ်ဆေးနဲ့အတူ ကြုံတွေ့ရမယ့် ပြဿနာကြီးကြီးမားမားတွေရှိခဲ့တယ်။ ကာကွယ်ဆေးနဲ့အတူ ဗိုင်းရပ်စ်တွေကို မျိုးဖြုတ်ပစ်ရမယ်။ ဒါက တကယ်ဖြစ်လာမှာပါ” လို့ အက်တာက ပြောပါတယ်။

ဒီဇင်ဘာ ၃၀ ရက်နေ့က အသက် ၁၁၁ နှစ်အရွယ် မာဘယ် ခရော့စ်ဘီ ဆိုသူအမျိုးသား သေဆုံးသွားပြီးတဲ့နောက် ဒက်တာဟာ သြစတြေးလျနိုင်ငံရဲ့အသက်အကြီးဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့တာပါ။ လယ်သမားဖြစ်ခဲ့ဖူးတဲ့ ဒက်တာရဲ့ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့အတွက် သူ့ရဲ့အသက်အရွယ်က ပြဿနာမဟုတ်ခဲ့ပါဘူး။ အသက် ၈၆နှစ်အရွယ်ကမှ စာအုပ်တွေစရေးဖြစ်ခဲ့တာပါ။ ဒက်တာက စာအုပ် (၁၂) အုပ်နဲ့ ဇာတ်လမ်း ၃၀၀ ကျော်ရေးပြီးသွားခဲ့ပါပြီ။ As You Like it စာအုပ်ကိုတော့ အသက် ၁၀၉ နှစ်ပြည့်မွေးနေ့မှာ ထုတ်ဝေခဲ့တာပါ။

Ref: Ladbible “Oldest Living Australian Says He Eats ‘Half A Dozen Prawns A Day’ As He Celebrates His 111th Birthday”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top