အသားရေကြည်လင်စေဖို့အတွက် ရာသီစာသရက်သီးနဲ့ မျက်နှာပေါင်းတင်ကြမယ်

4-6-2020-yyl-029.jpg

အခုရာသီမှာ အသီးတွေရဲ့ဘုရင်လို့ပြောလို့ရတဲ့ သရက်သီးတွေကတော့ ပေါများလို့နေပါတယ်။ ထမင်းစားတဲ့အခါမျိုးမှာလည်း သရက်သီးက မပါမဖြစ်ပါ။ ထမင်းနဲ့စားရတာမကြိုက်တဲ့သူတွေကတော့ အချိုတည်းတဲ့အနေနဲ့ စားရတာကြိုက်ကြပါတယ်။ သရက်သီးမှည့်က စားရတာအရသာရှိသလို ကျန်းမာရေးအကျိုးကျေးဇူးများစွာလည်းရှိပါတယ်။ ဒါတင်မကသေးပါဘူး။ အသားရေအတွက်လည်း ကောင်းကျိုးတွေအများကြီးရှိပါတယ်။ သရက်သီးမှည့်တွေ ပေါများနေတဲ့ ဒီလိုအချိန်မျိုးမှာ အသားရေကြည်လင်သွားဖို့အတွက် သရက်သီးမှည့်နဲ့ မျက်နှာပေါင်းတင်ရင် အကောင်းဆုံးပါပဲ။ အခုရာသီမှာ မျက်နှာကို သရက်သီးမှည့်နဲ့ပေါင်းတင်ရင် အသားရေကို နူးညံ့သွားစေပြီး ကြည်လင်ဝင်းပလာစေမှာပါ။ ကဲ…ဒါဆိုရင် သရက်သီးမှည့်လေးနဲ့ မျက်နှာပေါင်းတင်ကြည့်ရအောင်..။

သဘာဝအတိုင်းကြည်လင်ဖို့အတွက်

သရက်သီးက ဘီတာ-ကာရိုတီနင် (beta-carotene) နဲ့ ဗီတာမင်အေဓာတ်တွေပြည့်ဝနေတဲ့အတွက် သင့်အသားရေကို သဘာဝအတိုင်းကြည်လင်ဝင်းပလာစေနိုင်ပါတယ်။ ဒီအတွက် မျက်နှာပေါင်းတင်ချင်ရင် သရက်သီးမှည့်အနှစ် (စားပွဲတင်ဇွန်း (၁) ဇွန်း) ဂျုံမှုန့် (လက်ဖက်ရည်ဇွန်း (၂) ဇွန်း)၊ ပျားရည် (လက်ဖက်ရည်ဇွန်း (၁) ဇွန်း)တို့လိုအပ်ပါတယ်။ ပါဝင်ပစ္စည်းတွေကို သမအောင်ရောမွှေပြီး အရောအနှောဖြစ်သွားတာနဲ့ မျက်နှာမှာ လိမ်းလိုက်ပါ။ ပြီးရင် (၁၅) မိနစ်လောက်အချိန်ပေးပြီးမှ ရေနဲ့ သန့်စင်လိုက်ရမှာဖြစ်ပါတယ်။

ဆဲလ်အသေတွေ ဖယ်ရှားဖို့အတွက်

Exfoliation ဆိုတာက ကျွန်မတို့ရဲ့အသားရေက ဆဲလ်အသေတွေကို ဖယ်ရှားဖို့အတွက် လုပ်ဆောင်ရတဲ့နည်းပါပဲ။ နွေရာသီမှာ သရက်သီး scrub ကို အသုံးပြုတာအကောင်းဆုံးပါပဲ။ ဆဲလ်အသေတွေဖယ်ရှားဖို့အတွက် သရက်သီးမှည့်အနှစ် (စားပွဲတင်ဇွန်း (၁) ဇွန်း)၊ ပျားရည် (လက်ဖက်ရည်ဇွန်း (၁) ဇွန်း)၊ ဆန်မှုန့် (စားပွဲတင်ဇွန်း (၁) ဇွန်း) နဲ့ နွားနို့ (စားပွဲတင်ဇွန်း (၁) ဇွန်း) တို့လိုအပ်ပါတယ်။ ပါဝင်ပစ္စည်းတွေကို သမအောင်ရောမွှေပြီး မျက်နှာမှာ လိမ်းလိုက်ပါ။ (၁၀) မိနစ်လောက် ဒီအတိုင်းထားပြီး အဲဒီနောက်မှ ရေအေးနဲ့သန့်စင်လိုက်ပါ။ အသားရေနူးညံ့သွားတာကို ခံစားမိပါလိမ့်မယ်။

နေလောင်ဒဏ်အတွက်

နေလောင်ဒဏ်ကို ပျောက်ကင်းသွားဖို့ဆိုရင် သရက်သီးမှည့်နဲ့ ပေါင်းတင်တာက ထိရောက်မှုရှိပါတယ်။ သရက်သီးမှည့်အနှစ် (စားပွဲတင်ဇွန်း (၁) ဇွန်း)၊ ဂျုံမှုန့် (စားပွဲတင်ဇွန်း (၂) ဇွန်း)၊ အယ်မွန်စေ့မှုန့် (လက်ဖက်ရည်ဇွန်း (၂) ဇွန်း)၊ ပျားရည် (လက်ဖက်ရည်ဇွန်း (၁) ဇွန်း) တို့ကို သမအောင်ရောမွှေပြီး မျက်နှာနဲ့ နေရောင်ဒဏ်ထိတဲ့နေရာတွေကို လိမ်းလိုက်ပါ။ ပြီးရင် (၁၅) မိနစ်လောက်ထားပြီး ရေအေးနဲ့ ဆေးကြောသန့်စင်လိုက်ပါ။ ရလဒ်ကောင်းကို ရဖို့ဆိုရင် တစ်ပတ်ကို (၃) ကြိမ် (၄) ကြိမ်လုပ်ပေးလို့ရပါတယ်။

နူးညံ့ပြီး အပြစ်အနာဆာကင်းတဲ့အသားရေအတွက်

အုတ်ဂျုံမှုန့်၊ သရက်သီး၊ အယ်မွန်စေ့တို့နဲ့လည်း မျက်နှာပေါင်းတင်ဆေးလုပ်လို့ရပါတယ်။ သရက်သီးမှည့်အနှစ် (စားပွဲတင်ဇွန်း (၂) ဇွန်း)၊ အုတ်ဂျုံမှုန့် (စားပွဲတင်ဇွန်း (၁) ဇွန်း)၊ နွားနို့ (လက်ဖက်ရည်ဇွန်း (၁) ဇွန်း)၊ အယ်မွန်စေ့မှုန့်အနည်းငယ်တို့ကို သမအောင်ရောမွှေပြီး မျက်နှာမှာ လိမ်းလိုက်ပါ။ (၁၅) မိနစ်ကြာအောင် scrub လုပ်ပြီး ရိုးရိုးရေနဲ့ မျက်နှာကို သန့်စင်ပေးလိုက်ရုံပါပဲ။

ဝက်ခြံပျောက်ကင်းဖို့အတွက်

ဒိန်ခဲ၊ ပျားရည်တို့နဲ့ရောထားတဲ့သရက်သီးမှည့်အနှစ်ကလည်း အဆီပြန်တဲ့အသားရေအတွက် ကူညီပေးပါတယ်။ အဆက်မပြတ်အဆီပြန်ခြင်းကို ထိန်းချုပ်ပေးပြီး အသားရေမညီညာတာနဲ့ ဝက်ခြံပေါက်တာကို တိုက်ဖျက်ပေးပါတယ်။ ဒီအတွက် မျက်နှာပေါင်းတင်ဆေးလုပ်ချင်ရင် သရက်သီးမှည့်အနှစ်အနည်းငယ်၊ ဒိန်ခဲ (စားပွဲတင်ဇွန်း (၂) ဇွန်း)၊ ပျားရည် (လက်ဖက်ရည်ဇွန်း (၂) ဇွန်း)တို့ကို ရောမွှေပြီး မျက်နှာမှာ လိမ်းလိုက်ပါ။ အဲဒီနောက် (၁၅) မိနစ်ကြာရင် မျက်နှာသန့်စင်ပေးလိုက်ပါ။

Ref: Try mango face packs for a glowing skin this season

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top