ရုရှားကျူးကျော်စစ်အတွင်း ယူကရိန်းဘောလုံးသမား (၂) ဉီး အသက်သေဆုံးခဲ့ရ

3-3-2022-yyl02.jpg

ယူကရိန်းဘောလုံးသမား (၂) ဉီးဟာ ယူကရိန်းကို ရုရှားကျူးကျော်ဝင်ရောက်ပြီးနောက် သူတို့ရဲ့နိုင်ငံကို ကာကွယ်ရင်းနဲ့ သေဆုံးသွားခဲ့တယ်လို့ ဘောလုံးအဖွဲ့ချုပ် FIFPROရဲ့အတည်ပြုချက်အရ သိရပါတယ်။ နိုင်ငံတကာပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့ချုပ် FIFPRO က ဗီတာလီ ဆာပလွိုင်လို (Vitalii Sapylo) ( ၂၁ နှစ်) နဲ့ ဒီမိုင်ထရို မာတီနန်ကို (Dmytro Martynenko) (၂၅နှစ်) တို့ဟာ အမိမြေအတွက် ခုခံဖို့ ကြိုးစားရင်း အသက်ဆုံးရှုံးခဲ့ပြီး စစ်ပွဲမှာ ပထမဆုံးဘောလုံးကျဆုံးသူတွေဖြစ်လာခဲ့တယ်လို့ အတည်ပြုပေးခဲ့ပါတယ်။

FIFPRO ရဲ့ ထုတ်ပြန်ချက်မှာ ‘ကျွန်တော်တို့ရဲ့အတွေးအမြင်တွေက ဒီစစ်ပွဲမှာ အသက်ဆုံးရှုံးခဲ့ရတဲ့ ယူကရိန်းလူငယ်ဘောလုံးသမား ဗီတာလီ ဆာပလွိုင်လို နဲ့ ဒီမိုင်ထရို မာတီနန်ကိုတို့ရဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေ၊ အသင်းသားတွေနဲ့အတူ ထပ်တူထပ်မျှပါပဲ။ သူတို့နှစ်ယောက်လုံး ငြိမ်းချမ်းစွာ အိပ်စက်ပါစေ” လို့ ရေးသားထားပါတယ်။

karpaty Lvivရဲ့ လူငယ်အသင်းရဲ့ဂိုးဖမ်းသမားတစ်ယောက်ဖြစ်တဲ့ ဆာပလွိုင်လိုက တင်ကားတပ်မှူးတစ်ယောက်အဖြစ် ယူကရိန်းစစ်တပ်ကို ဝင်ရောက်ခဲ့ပြီး ပြီးခဲ့တဲ့ သောကြာနေ့က ကိဗ်ယက်မြို့ကို ကာကွယ်ရင်း သေဆုံးခဲ့ပါတယ်။ သူ့ရဲ့ဘောလုံးအသင်းက စစ်ပွဲအတွင်းမှာ သေဆုံးခဲ့ရတယ်ဆိုတာကို ကြေညာရင်း သူ့ကို ဟီးရိုးအဖြစ် အမည်တပ်ခဲ့ပါတယ်။ သူ သေဆုံးခဲ့တယ်ဆိုတဲ့ အသင်းရဲ့ထုတ်ပြန်ချက်ကိုလည်း ရုရှားကျူးကျော်ဝင်ရောက်ပြီး ဒုတိယရက်မှာ ထွက်ရှိပေးခဲ့တာပါ။ “ဒီဟီးရိုးရဲ့ထာဝရအမှတ်တရတွေကို ကျွန်တော်တို့မြတ်နိုးတန်ဖိုးထားပါတယ်” လို့ ဆိုခဲ့ပါတယ်။

ဆာပလွိုင်လိုရဲ့ဖခင် ရိုမန် ဆာပလွိုင်လိုက “သူက ပျော်ရွှင်တတ်တဲ့ကောင်လေးတစ်ယောက်ပါ။ အဲဒီပူတင်ရဲ့လေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့်ပါ။ သူက ကျွန်တော့်ဆီကနေ သားလေးကို ဆွဲထုတ်သွားခဲ့တယ်။ သားလေးက အရမ်း တိုက်ခိုက်ချင်ခဲ့တယ်။ အရင်ဆုံး တင်ကားတစ်စီးကို ဖျက်စီးခဲ့တယ်။ အဲဒီနောက် ဒုတိယတစ်ခု၊ ဒါပေမဲ့ မတက်သာတဲ့အခြေအနေအောက်မှာ သူရှေ့ကို ထွက်ရတယ်။ အဖွဲ့ကို တောင်းဆိုခဲ့တယ်။ ဒီလက်နက်က သူ့ကို ထာဝရအိပ်စက်စေခဲ့တယ်” လို့ ဆိုပါတယ်။

FC Gostomel မှာ နောက်ဆုံးကစားခဲ့တဲ့ မာတီနန်ကိုက မြို့တော်ရှိ သူ့ရဲ့နေအိမ်ကို ရုရှားဗုံးတွေ ထိမှန်ပြီးနောက် သူ့မိခင်နဲ့အတူ သေဆုံးသွားခဲ့တာပါ။ ရုရှားကျူးကျော်မှုကြောင့် ပရော်ဖက်ရှင်နယ် နှင်းလျှောစီးကစားသမား ဗီဟမ် မာလေရှဗီ (Yevhen Malyshev) ကလည်း ပူတင်ရဲ့တပ်ဖွဲ့တွေချီတက်လာတာကို ရပ်တန့်ရန် ကြိုးပမ်းရင်း တိုက်ပွဲအတွင်း သေဆုံးခဲ့ပါတယ်။ အသက် 20 နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗီဟမ်က သူ့နိုင်ငံရဲ့အငယ်တန်းအသင်းမှာ ပါဝင်ခဲ့ပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်က အားကစားကို ဘေးဖယ်ပြီး စစ်မှုထမ်းခဲ့တာပါ။

ရုရှားတပ်တွေကျူးကျော်မှုကို တုံ့ပြန်တဲ့အနေနဲ့ ယူအီးအက်ဖ်အေ (UEFA) နဲ့ ဖီဖာ (FIFA) နှစ်ခုလုံးက ရုရှားအသင်းအားလုံးကို နိုင်ငံတကာဘောလုံးပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်တာကို ဆိုင်းငံ့ထားပါတယ်။ အက်ဖ်ဖေ (FA) ကလည်း ဘယ်လိုပြိုင်ပွဲမျိုးမှာမှ ရုရှားအသင်းနဲ့ တွေ့ဆုံဖို့ ဆန္ဒမရှိဘူးလို့ ကြေညာခဲ့ပါတယ်။ FIFA က ရုရှားနိုင်ငံသားတွေကို ပြိုင်ပွဲကနေ ထုတ်ပယ်ဖို့ တုံ့ပြန်ခဲ့ပါတယ်။ လာမယ့်နွေရာသီမှာ အင်္ဂလန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အမျိုးသမီးဉရောပချန်ပီယံရှစ်ပြိုင်ပွဲမှာလည်း ရုရှားကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုသွားမှာမဟုတ်ဘူးလို့ သိရပါတယ်။

Ref: Dailymail “Two Ukrainian football stars killed during Russia’s Invasion”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top