ဦးတီခွန်မြတ်အား တာဝန်မှရုပ်သိမ်းရန်အဆို ရှုံးနိမ့်၊ အရေးယူဆောင်ရွက်ရန် မရှိ

1-6-2020-yyl-019.jpg

ရန်ကုန် ဇွန် ၁

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်အား တာဝန်မှရုပ်သိမ်းရန် အဆိုနဲ့ပတ်သက်ပြီး ဒီနေ့(ဇွန် ၁ ရက်)ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ စက်ခလုတ်ကိုအသုံးပြုပြီး လျို့ဝှက်ဆန္ဒမဲပေးတဲ့နည်းလမ်းနဲ့ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။

ဒီလိုမဲခွဲဆုံးဖြတ်ရာမှာ ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၃၉၅ ဦး၊ ထောက်ခံဆန္ဒမဲပေါင်း ၁၃၂ မဲ၊ ကန့်ကွက်ဆန္ဒမဲ ပေါင်း ၂၄၃ မဲ၊ ကြားနေဆန္ဒမဲပေါင်း ၅ မဲဖြစ်တဲ့အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်အား တာဝန်မှ ရုပ်သိမ်းရန် အဆိုက ရှုံးနိမ့်သွားခဲ့ပါတယ်။

ကတိသစ္စာပြုပြီးတဲ့ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းဦးရေရဲ့ အနည်းဆုံး ၃ ပုံ ၂ ပုံက ထောက်ခံခြင်း မရှိတဲ့အတွက် ဒီအဆိုကို အရေးယူဆောင်ရွက်ရန်မရှိကြောင်းကိုလည်း ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌက ကြေညာခဲ့ပါတယ်။

ဒီအဆိုနဲ့ပတ်သက်ပြီး မဲခွဲမဆုံးဖြတ်ခင်မှာ ဆွေးနွေးမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးရာမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၄ ဦး ပါဝင်ဆွေးနွေးခဲ့ပြီးတော့ ထောက်ခံဆွေးနွေးသူ ၁၂ ဦး၊ ကန့်ကွက် ဆွေးနွေးသူ ၁၂ ဦးရှိခဲ့ပါတယ်။

ဆွေးနွေးတဲ့အခါမှာ ဆွေးနွေးတဲ့စကားလုံးတွေအပေါ်မှာ ကန့်ကွက်တာမျိုးတွေ ရှိပြီးတော့ ပြည်သူ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌကိုယ်တိုင် သတိပေးခဲ့ရတာမျိုးတွေလည်း ရှိခဲ့ပါတယ်။ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်အား တာဝန်မှရုပ်သိမ်းရန်အဆိုကို မေ ၂၈ ရက်ကကျင်းပတဲ့ (၁၆) ကြိမ်မြောက်ပုံမှန်အစည်းအဝေးပဉ္စမနေ့မှာ မိုင်းပြင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က တင်သွင်းခဲ့ခြင်း ဖြစ်ပါတယ်။

ဓာတ်ပုံ – ပြည်သူ့လွှတ်တော်

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top