သင်္ဘောသား ၁၅ ယောက်ကို သတ်ခဲ့တယ်လို့ သံသယရှိရတဲ့ မြောက်ကိုရီးယားသား ၂ ယောက်ကို တောင်ကိုရီးယား လွှဲပြောင်းပေး

yyl-007-4.jpg

ငါးဖမ်းသင်္ဘောပေါ်က ကပ္ပတိန်နဲ့ သင်္ဘောအမှုထမ်း ၁၅ ယောက်ကို သတ်ခဲ့တယ်လို့ သံသယရှိတဲ့ မြောက်ကိုရီးယားနိုင်ငံသား ၂ ယောက်ကို တောင်ကိုရီးယားနိုင်ငံက မိခင်နိုင်ငံထံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ သူတို့ ၂ ယောက် လိုက်ပါလာတဲ့ ငါးဖမ်းသင်္ဘောဟာ ပြီးခဲ့တဲ့ စနေနေ့က ကိုရီးယားနှစ်နိုင်ငံကြား ရေကြောင်းနယ်စပ်ကို ဖြတ်သန်းလာခဲ့တာပါ။ တောင်ကိုရီးယားရေတပ်က သူတို့ ၂ ယောက်ကို ဖမ်းဆီးဖို့ ၂ ရက်အချိန်ယူခဲ့ရပါတယ်။

ပုံမှန်အားဖြင့်တော့ တောင်ကိုရီးယားနိုင်ငံက မြောက်ကိုရီးယားပြည်ပြေးတွေကို နိုင်ငံရေးခိုလှုံခွင့်ပေးပေမဲ့ ဒီဖြစ်ရပ်မှာတော့ သင်္ဘောသား ၂ ယောက်က တောင်ကိုရီးယားနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။ သူတို့ ၂ ယောက်ကို ပြည်ပြေးတွေကို သဘောမထားဘဲ ရာဇဝတ်သားတွေအဖြစ် သတ်မှတ်ပြီး မြောက်ကိုရီးယားနိုင်ငံထံ ပြန်ပို့ခဲ့တာပါ။ သူတို့အပေါ် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတဲ့ သင်္ဘောကပ္ပတိန်ကို ပြီးခဲ့တဲ့ အောက်တိုဘာလနှောင်းပိုင်းမှာ သတ်ခဲ့ကြတယ်လို့ သူတို့ ၂ ယောက်က ဝန်ခံခဲ့ပါတယ်။

နောက်ပိုင်းမှာ သူတို့ကို ကလန်ကဆန်လုပ်တဲ့ သင်္ဘောသားတွေကို တစ်ယောက်ပြီး တစ်ယောက်သတ်ရင်း ရေထဲပစ်ချခဲ့ပါတယ်။ ကပ္ပတိန်ကို သတ်ရာမှာ သူတို့ ၂ ယောက်နဲ့အတူ နောက်ထပ် သင်္ဘောသားတစ်ဦး ပါပါတယ်။ သူတို့ ၃ ယောက်က အစောပိုင်းမှာ မြောက်ကိုရီးယားကို ပြန်သွားခဲ့ပေမဲ့ သူတို့ထဲက တစ်ယောက်ကို ဆိပ်ကမ်းရဲတပ်ဖွဲ့က ဖမ်းမိသွားခဲ့ပါတယ်။ အဲဒီအတွက် ကျန် ၂ ယောက်က သင်္ဘောနဲ့အတူ တောင်ကိုရီးယားဘက်ကို ထွက်ပြေးလာခဲ့တာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top