အလုပ်ထွက်ပြီးပျောက်နေတဲ့ခွေးလေးကို ရှာခဲ့တဲ့အမျိုးသမီး

yyl-019-7.jpg

ဝါရှင်တန်ပြည်နယ်က အမျိုးသမီးတစ်ဦးဟာ နှစ်လနီးပါးလုံးလုံး သူ့ရဲ့ပျောက်နေတဲ့ခွေးလေးကို ရှာဖွေခဲ့ပါတယ်။ သူ့ခွေးလေး ကေတီ (Katie) ကို စွန့်လွှတ်လိုက်မဲ့အစား ခွေးလေးကိုရှာဖွေဖို့အတွက် အလုပ်ကထွက်ခဲ့တဲ့အပြင် မီးကုန်ယမ်းကုန်သုံးပြီး ရှာဖွေခဲ့တာပါ။

ခွေးလေး ကေတီက သူ့ရဲ့သခင်တွေဖြစ်တဲ့ ကာရို (Carole) ၊ ဗာနီ ကင်း (Verne King) တို့နဲ့အတူ မွန်တားနားပြည်နယ်ကို ဇူလိုင်လက ခရီးထွက်စဉ်အတွင်း ဟိုတယ်အခန်းကနေ ထွက်ပြေးသွားခဲ့တာပါ။ ကေတီက လူခင်တတ်သလို ကြောက်လည်းကြောက်တတ်တဲ့ခွေးလေးဖြစ်ပါတယ်။ ကာရိုနဲ့ဗာနီ ကင်းတို့စုံတွဲက ကေတီဟာ သူတို့ညစာသွားစားတုန်း မိုးချုန်းသံကြားပြီး ဟိုတယ်ကနေ ထွက်ပြေးသွားတယ်လို့ ယုံကြည်ထားကြပါတယ်။

ဟိုတယ်အနှံ့ရှာဖွေခဲ့ကြပေမဲ့ မတွေ့တဲ့အဆုံး လူမှုကွန်ယက်အကောင့်မှာ ပို့စ်တင်ခဲ့သလို မြို့တွေနဲ့ အနီးနားတစ်ဝိုက်ကိုလည်း ခွေးပျောက်ကြော်ငြာလက်ကမ်းစာစောင် (၅၀၀) လောက်ဝေခဲ့ပါတယ်။ ဖေ့စ်ဘွတ်ခ် group တွေမှာလည်း ပို့စ်တင်ခဲ့တဲ့အတွက် လူမှုကွန်ယက်အကောင့်အသုံးပြုသူတွေက ဗာနီ ကင်းကို အားပေးစကားပြောကြသလို ကူညီရှာပေးခဲ့ကြပါတယ်။ ဗာနီ ကင်းက ခွေးလေးကို ဆက်လက်ရှာဖို့အတွက် သူ့ရဲ့အလုပ်ကို စွန့်လွှတ်ခဲ့ပါတယ်။

စက်တင်ဘာလ (၁၅) ရက်နေ့မှာ Country Estates က အမျိုးသားတစ်ဦးက ဗာနီ ကင်းကိုသူ့ရဲ့ခြံဝင်းထဲမှာ ကေတီနဲ့တူတဲ့ ခွေးလေးတစ်ယောက်တွေ့တယ်လို့ ဖုန်းဆက်ပြောခဲ့ပါတယ်။ ဗာနီ ကင်းတို့အတွဲနဲ့ သူ့သူငယ်ချင်းတို့ ရောက်သွားတဲ့အချိန်မှာ ခွေးလေးက မရှိတော့ပါဘူး။

သူတို့စုံတွဲက အနီးနားတစ်ဝိုက်ကို လမ်းလျှောက်ပြီး ရှာဖွေလို့ ဆုံးဖြတ်ခဲ့ပါတယ်။ လမ်းတစ်လျှောက်မှာ ဒီခွေးလေးကို တွေ့မိရဲ့လားလို့ မေးစမ်းပြီး ရှာခဲ့ကြပါတယ်။ အဲဒါနဲ့ လူတစ်ယောက်က ခွေးအနက်ရောင်လေး မြောက်ဘက်ကို ထွက်သွားတာမြင်လိုက်တယ်လို့ ပြောခဲ့ပါတယ်။ သူတို့တွေ ဆက်လက်ခြေရာခံပြီး ရှာဖွေတဲ့အချိန်မှာ အမျိုးသမီးတစ်ဦး သစ်ပင်ကို လက်ညှိုးထိုးပြပြီး ဟိုက ရှင်တို့ရဲ့ခွေးလားလို့ ပြောခဲ့ပါတယ်။ တကယ်လည်းပဲ အဲဒီခွေးလေးက ကေတီဖြစ်လို့နေပါတယ်။

ဗင်နီ ကင်းတို့ စုံတွဲက ကေတီကို တွေ့လည်းတွေ့ရော ပွေ့ဖက်ခဲ့ပြီး ဝမ်းသာလွန်းလို့ မျက်ရည်လည်းကျ အော်လည်းအော်မိခဲ့ကြပါတယ်။ အဲဒီနောက် ကေတီရဲ့ကျန်းမာရေးအခြေအနေကို စစ်ဆေးဖို့အတွက် ဒေသအတွင်းက အရေးပေါ်တိရစ္ဆာန်ဆေးကုခန်းကို ခေါ်သွားပြခဲ့ပါတယ်။ ခွေးလေးက ကိုယ်အလေးချိန် (၁၂) ပေါင်လောက်ကျသွားပြီး အလွန်အကျွံရေဓာတ်ကုန်ခန်းနေပါတယ်။ အခုတော့ ခွေးလေးအပြည့်အဝပြန်လည်ကောင်းမွန်လာဖို့အတွက် ဗင်နီ ကင်းတို့က ဂရုတစိုက်ကျွေးမွေးပြုစုနေပါတယ်။

Ref: Boredpanda “Woman Quits Her Job And Spends 57 Days Looking For Her Lost Dog, Finally Finds Her In Another State”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top