ခြိုးခြံခြစ်ကုတ်စွာ နေထိုင်ပြီး ကလေးသူငယ် ပြုစု စောင့်ရှောက်ရေးအတွက် ဒေါ်လာ (၁၁) သန်း လှူဒါန်းပေးသွားခဲ့သူ

49342379_378693746220705_7074459792537812992_n.jpg

အများအကျိုးပြု လူမှုလုပ်ငန်းတွေ လုပ်ကိုင်သူ အသက် ၆၃ နှစ်အရွယ် အလန်နေမန် (Alan Naiman) ဟာ သူ့ဘဝတစ်လျှောက်လုံးမှာ အိမ်ထောင်မပြုခဲ့ရုံမက အသုံးအစွဲလည်း ကျစ်လျစ် စေ့စပ်ခဲ့သူပါ။ သူရှာဖွေရသမျှ ပိုက်ဆံအားလုံးကို စုဆောင်းထားပြီး သူ သေဆုံးသွားချိန်မှာတော့ ပရဟိတလုပ်ငန်းတွေအတွက် သေတမ်းစာမှာ ဒေါ်လာ (၁၁) သန်း ပေးအပ် လှူဒါန်းသွားခဲ့တာကြောင့် သူ့ရဲ့အသိုင်းအဝိုင်းမှာ အတော်လေး တန်ဖိုးထားစရာ ဖြစ်ခဲ့ပါတယ်။

နေမန်ဟာ သူငယ်ချင်းဖြစ်တဲ့ ကာရန် (Karan) ထံ သေတမ်းစာလွှဲအပ်ခဲ့ပြီး သူဟာ ဆီယက်တယ်ဒေသက ချို့တဲ့သူတွေကို ကူညီတဲ့ အသင်းအဖွဲ့တွေဆီ သူ့ရဲ့ပိုင်ဆိုင်မှုတွေကို လှူဒါန်းပေးသွားခဲ့တာ ဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ ကလေးသူငယ် ပြုစု စောင့်ရှောက်ရေး အဖွဲ့တွေကို ဦးစားပေး လှူဒါန်းခဲ့တယ်။ သူဟာ ကလေးမရှိပေမဲ့လည်း ကလေးတချို့ကို မွေးစားပြုစုပေးခဲ့သလို ဖွံ့ဖြိုးမှု နှေးကွေးတဲ့ မသန်စွမ်း ညီငယ်ကိုပါ စောင့်ရှောက်ပေးခဲ့သူပါ။

ဒါ့အပြင် သူ့ရဲ့နေ့စဉ် နေထိုင်မှုဘဝကလည်း အတော်လေး အံ့အားသင့်ဖို့ကောင်းပါတယ်။ ပိုက်ဆံအပိုကို ဘယ်တော့မှ မဖြုန်းတတ်ဘဲ အဝတ်အစားကအစ သာမန်စတိုးဆိုင်ကနေ အသက်သာဆုံးဖြစ်အောင် ဝယ်ဝတ်တတ်တာပါ။ လျှော့ဈေးနဲ့ပစ္စည်းတွေကိုသာ ဝယ်ယူသုံးစွဲတာမျိုး လုပ်လေ့လုပ်ထရှိပြီး ခြစ်ခြစ်ကုတ်ကုတ်နဲ့ ပိုက်ဆံစုရင်း ရိုးရိုးစင်းစင်းသာ ဘဝကို ဖြတ်သန်းခဲ့ပါတယ်။

သူက သီးသန့် အနစ်နာခံ ကြိုးစားရတာမျိုး မဟုတ်ဘဲ ဝါသနာ ဗီဇအရကို ပိုက်ဆံစုရတာ၊ ချွေတာရတာ အားသန်တဲ့သူ ဖြစ်တယ်လို့ သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်တဲ့ ကာရန်က ဆိုပါတယ်။

“ပိုက်ဆံစုရတာက သူ့အတွက် ဂိမ်းအောင်ပွဲတစ်ခုလိုပဲ။ တစ်ရက်တစ်ရက်ကို ပိုက်ဆံမဖြုန်းဘဲ သူဘယ်လော ကျစ်လျစ်စေ့စပ်အောင် နေတတ်သလဲဆိုတာ အမြဲဂုဏ်ယူလေ့ရှိတယ်။ သူ့ ငွေကြေးပိုင်ဆိုင်မှုကို တကယ်သိတဲ့သူက ကျွန်တော်အပါအဝင် ရင်းနှီးသူ အနည်းငယ်လောက်သာ ရှိပါတယ်။ သူ့မှာ ကင်ဆာရောဂါ ဖြစ်ပွားနေပြီလို့ သိရှိခဲ့ချိန်စပြီး အခုလို လှူဒါန်းထားရစ်ခဲ့ဖို့ သူကိုယ်တိုင်စီစဉ်ခဲ့တာပါပဲ” လို့ ကာရန်က ပြောပြသွားခဲ့ပါတယ်။

နေမန်ရဲ့ လုပ်ရပ်ဟာ တန်ဖိုးထားစရာဖြစ်ခဲ့သလို ချို့ငဲ့ လိုအပ်နေသူတွေအတွက် အသက်ရှူပေါက်ကို ပွင့်စေခဲ့တာကြောင့် လူမှုပတ်ဝန်းကျင်ကို အကျိုးဖြစ်စေပြီး အသေလှခဲ့တယ်လို့လည်း ဆိုနိုင်ပါတယ်။

Ref: CNN ” A frugal social worker left $11 million to children’s charities in his will ”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top