စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ

shutterstock-243852595.png

စိတ်ညစ်တယ်တို့၊ စိတ်ဓာတ်ကျတယ်တို့ဖြစ်လာရင် ဘီယာဆိုင်သွားရတာနဲ့၊ မိန်းကလေးတွေဆို ရှော့ပင်ထွက်ရတာနဲ့၊ လျှောက်လည်ကြတာနဲ့ ဖြေဖျောက်ကြတယ်။ တချို့ကျ တစ်ချောင်ချောင်မှာ မှိုင်ပြီး ဘာကို ဘာမှန်းမသိဖြစ်နေတာမျိုး။

အလုပ်ကြောင့်၊ မိသားစုကြောင့်၊ အချစ်ကြောင့်၊ သူငယ်ချင်းကြောင့်စိတ်ဖိစီးနေတာတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ဖြေဖျောက်ကြတယ်မလား။ ခရီးထွက်လိုက်တာ၊ ကော်ဖီဆိုင်ထိုင်တာ၊ စာအုပ်ဖတ်တာ၊ တရားထိုင်တာ စတဲ့တခြားနည်းတွေရှိသေးတယ်။

ဒီတစ်ခါ သုတေသနတွေက တွေ့ရှိလာတဲ့ နည်းတစ်ခုကတော့ အဆန်း။ အိမ်ကအမေတွေ ပျော်မယ့်နည်းလမ်းပေါ့လေ။ အိုးခွက်ပန်းကန်တွေ ဆေးကြောတာက စိတ်ဖိစီးမှုကိုပြေလျော့စေနိုင်တယ်တဲ့။ အိမ်အလုပ်ဝိုင်းမကူတဲ့ သားသမီးတွေကို ဒီသတင်းနဲ့ဆွဲဆောင်လို့ရပြီလေ။

စိတ်ညစ်လာရင် ဂျင်မ်သွား ကစားမယ့်အစား၊ အိမ်မှာ အိုက်တိုးပဂေးဆန်လိုက်ပါ။အိမ်မှာလည်း ကူညီရာရောက် ကိုယ်လည်းအကျိုးရှိပါတယ်။

ဖလော်ရီဒါပြည်နယ်တက္ကသိုလ် သုတေသီတွေက ဒီဆက်နွယ်မှုကို လေ့လာတွေ့ရှိခဲ့တာပါ။

ပူလောင်စေတဲ့ ဖိစီးမှုအတွေးတွေကို လွှင့်ပစ်ပြီး ကိုယ်လုပ်သင့်တာတွေကိုရှင်းရှင်းလင်းလင်းမြင်လာစေတဲ့အထိ ကြည်လင်သွားစေတာက ပန်းကန်ဆေးတဲ့လုပ်ငန်းစဉ်နဲ့ သဘောတရားတူပါတယ်။ ပေကျံမှုတွေကို ဆေးကြောသန့်စင်နေရင်း ကိုယ့်စိတ်ထဲက ပူပန်မှုတွေ၊ ဖိစီးနေတာတွေ ပါ ပေါ့သွားတာ သတိတောင်ထားမိမှာမဟုတ်ပါဘူး။ ဒါက အာရုံပြောင်းနည်းတစ်မျိုးလည်း ဖြစ်ပါတယ်။

လေ့လာမှုမှာ တက္ကသိုလ်ကျောင်းသား (၅၁) ဦးကို နှစ်ဖွဲ့ခွဲပြီး တစ်ဖွဲ့ကို ပန်းကန်ဆေးကြောခြင်းအကြောင်း စာစုတစ်ခုရေးခိုင်းတယ်။ နောက်တစ်ဖွဲ့ကို ပန်းကန်ဆေးကြောခြင်းအကြောင်း လက်တွေ့ကျကျအမြင်စာစုတစ်ခုဖတ်စေတယ်။ အဲဒီစာစုမှာ ကိုယ်လက်ရှိလုပ်နေတဲ့အလုပ်ကိုပဲ စိတ်ကအာရုံထားဖို့ အရေးကြီးကြောင်းအဓိကညွှန်းထားတယ်။

သူတို့ကို ပန်းကန်အနည်းငယ်စီဆေးခိုင်းပြီးတဲ့အခါ သူတို့တွေရဲ့စိတ်အတွေးဘယ်လိုရှိလဲဆိုတာ သုတေသီတွေက လေ့လာဆန်းစစ်ခဲ့ပါတယ်။ နှိုင်းယှဉ်ကြည့်တဲ့အခါ စာစုကို ဖတ်ထားပြီးမှ ပန်းကန်ဆေးတဲ့သူတွေဟာ ဆပ်ပြာရဲ့အနံ့၊ ရေ ရဲ့အပူအအေး၊ ပန်းကန်တွေကို ဆေးကြောလိုက်တဲ့အခါသန့်စင်သွားတာတွေကို အာရုံစိုက် သတိထားပြီးလုပ်တဲ့အတွက် အလုပ်ပြီးချိန်မှာ စိတ်ထဲပိုပေါ့ပါးတာတွေ့ရပါတယ်။

မလုပ်မဖြစ်လို့ အာရုံမရှိဘဲ အိမ်အလုပ်လုပ်တာထက် စိတ်ဖိစီးမှုတွေဖြေဖျောက်ဖို့ ကိုယ့်ရှေ့မှာ၊ ကိုယ့်လက်ထဲမှာရှိနေတဲ့ပန်းကန်ခွက်ယောက်တွေကို အာရုံစိုက်ပြီးသေချာဆေးကြောတာက ပိုထိရောက်ပါလိမ့်မယ်။ ဒီလိုဆေးကြောခြင်းအားဖြင့် ကာယကံရှင်ဟာ နေ့စဉ်ဘဝရဲ့ စိတ်ဖိစီးစရာတွေ၊ ပူလောင်မှုတွေထဲမျောပါနေတဲ့ သောကစိတ်ကို လျော့စေနိုင်ပါတယ်လို့ သုတေသီ Adam Hanley ကပြောပါတယ်။

ညစ်နေတဲ့စိတ်ကိုပါ တစ်ခါတည်းဆေးကြောပစ်လိုက်တာလို့လည်း ခံစားလာရတာဖြစ်နိုင်ပါတယ်။ လက်ရှိပိတ်မိနေတဲ့ စိတ်မသက်သာမှုတွေထဲကနေ ခဏလွတ်မြောက်နေသလို ခံစားမိလာပါလိမ့်မယ်။ ဒီသုတေသနအကြောင်းကို Mindfulness ဂျာနယ်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

ကဲ ကြော်ငြာဝင်လို့လည်းပြီးပြီဆိုတော့ အပြင်မှာ စိတ်ဖိစီးလာသမျှ အိမ်ပြန်ရောက်တာနဲ့ အိုက်တိုးပဂေးဆန်လိုက်ပါတော့။

Ref: Helloဆရာဝန်
ရေးသားသူ – Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Thurein Hlaing Win

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top