လွဲနေတဲ့ ခါးတောင်ကျိုက်ကို ပြန်တည့်နိုင်စေဖို့

44.jpg

ကုန်းဘောင်းခေတ် နန်းတွင်းစာဆိုတော် မယ်ခွေရဲ့ အမည်နာမက ဒီရက်ပိုင်း လူမှုကွန်ရက်မှာ တော်တော်ရေပန်းစားခဲ့ပါတယ်။ အဋ္ဌမတန်းသင်ရိုးညွှန်းတမ်းမှာ ထည့်သွင်းသင်ကြားနေတဲ့ မယ်ခွေရဲ့ “လက်ဆောင်” ကဗျာ ဖြုတ်ချခံရမှုက တော်တော်လေးလှုပ်ခတ်သွားခဲ့တာကိုး။ ချစ်သူကို ဆေးလိပ်လက်ဆောင်ပေးတဲ့အကြောင်း သီကုံးဖွဲ့ဆိုထားတဲ့ “လက်ဆောင်” ကဗျာက ဆေးလိပ်သောက်တာကို အားပေးရာရောက်တယ်ဆိုတဲ့ ထင်မြင်ယူဆချက်ကြောင့် သင်ရိုးညွှန်းတမ်းကနေ ဖြုတ်ချဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

ဆေးလိပ်သောက်သုံးမှုနဲ့ပတ်သက်တဲ့ ကွန်းဖရန့်တစ်ခုမှာ Group Discussion လုပ်ရာကနေ ကျောင်းသင်ရိုးတွေအကြောင်း ဆွေးနွေးရင်း “လက်ဆောင်” ကဗျာကိုဖြုတ်ချဖို့ အကြံပြုစကားတွေရှိလာခဲ့တာပါ။ ဒါပေမဲ့ “လက်ဆောင်” ကဗျာကြောင့် ဆေးလိပ်သောက်ဖြစ်သူ ဘယ်နှစ်ယောက်ရှိလဲဆိုတာကို သုတေသနမလုပ်ဘဲ သင်ရိုးညွှန်းတမ်းကနေဖြုတ်ချခဲ့တာကတော့ အကျိုးသင့်၊ အကြောင်းသင့်မဟုတ်ဘူးလို့ ဆိုရမှာပါ။

အခုချိန်မှာတော့ သမ္မတရုံးကဝင်ပါရတဲ့အဆင့် ဖြစ်သွားပါပြီ။ “လက်ဆောင်” ကဗျာနဲ့ ဆေးလိပ်သောက်မှုကြား ဆက်သွယ်ချက်ကို စစ်တမ်းကောက်ဖို့နဲ့ ပေါ့ပေါ့ဆဆမလုပ်ကြဖို့ သမ္မတရုံးက ပညာရေးဝန်ကြီးဌာနကို အသိပေးထားတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။ မြန်မာ့ဓလေ့ထုံးစံနဲ့ ချစ်စရာ အငွေ့အသက်တွေလွှမ်းခြုံထားတဲ့ မေတ္တာဘွဲ့ကဗျာတစ်ပုဒ်ကို ခိုင်မာတဲ့သုတေသနမလုပ်ဘဲ ထင်မြင်ယူဆချက်နဲ့ သင်ရိုးကနေဖြုတ်လိုက်တာက နံပါတ် (၁) လွဲမှားမှုပါ။

လက်ဆောင်” ကဗျာကို ဖြုတ်ချတာနဲ့ပတ်သက်ပြီး မြန်မာစာသင်ရိုးအဖွဲ့မှာပါတဲ့ဆရာတွေအကုန်လုံးကို ကြိုတင်အသိပေးတာမျိုးမရှိဘူးလို့ မြန်မာစာသင်ရိုးအဖွဲ့ဝင် ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ) က ပြောပါတယ်။ မြန်မာစာသင်ရိုးအဖွဲ့ဆိုတာ သင်ရိုးညွှန်းတမ်းနဲ့ပတ်သက်ပြီး အဓိကတာဝန်ရှိတဲ့ပညာရှင်အဖွဲ့ပါ။ ပညာရှင်အဖွဲ့နဲ့ ဆွေးနွေးညှိနှိုင်းတာမျိုးမလုပ်ဘဲ ဖြုတ်ချခဲ့တာကတော့ နံပါတ် (၂) လွဲမှားမှုဖြစ်ပါတယ်။

ဧရာဝတီကို ပြန်ရွေးယူကြမယ် ဆိုတဲ့ ဆွေးနွေးပွဲမှာ တေးရေးဆရာ မြင့်မိုးအောင် ပြောခဲ့တဲ့ စကားတစ်ခွန်းကို ကျွန်တော် အမှတ်ရနေဆဲပါပဲ။ ”ပညာရှင်တွေရဲ့ အကြံပြုချက်တွေ၊ တိုက်တွန်းချက်တွေကို တာဝန်ရှိသူတွေ၊ အာဏာရှိသူတွေကနားမထောင်မှတော့ ပညာရေးစီမံကိန်းတွေလည်းလုပ်မနေပါနဲ့တော့”လို့ ကိုမြင့်မိုးအောင်က ပြောခဲ့ဖူးပါတယ်။ ပညာရှင်တွေနဲ့ သူတို့ရဲ့နယ်ပယ်ကို လေးစားမှုထားရှိရင် အခုလို ကိစ္စမျိုး ဖြစ်လာမှာမဟုတ်ပါဘူး။

တခြားနိုင်ငံတွေမှာတော့ ဆေးလိပ်သောက်တာကိုတားဆီးဖို့ အခွန်တိုးမြှင့်ကောက်ခံတာ၊ ဆေးလိပ်မသောက်ရဇုန်တွေဖန်တီးတာ၊ ကျောင်းပတ်ဝန်းကျင်အကွာအဝေးဘယ်လောက်အတွင်း ဆေးလိပ်မရောင်းရ ဆိုတဲ့ သတ်မှတ်ချက်တွေ ထုတ်ပြန်တာမျိုးလုပ်ကြပါတယ်။ ဆေးလိပ်သောက်သုံးမှု မြင့်တက်လာတယ်၊ ဆေးလိပ်နဲ့ ဆေးလိပ်ကြီးကြောင့် ဖြစ်ပွားရတဲ့ရောဂါတွေအတွက် ကုန်ကျစရိတ် မြင့်တက်လာတယ်ဆိုရင်တော့ ထိရောက်တဲ့တိုက်ရိုက်အားထုတ်မှု တိုးမြှင့်လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ နိုင်ငံတော်အဆင့်မှာ ထင်မြင်ယူဆချက်နဲ့လုပ်နေတာတွေကိုရပ်တန့်ပြီး လွဲနေတဲ့ခါးတောင်ကျိုက်ကို ပြန်တည့်နိုင်ပါစေလို့ ဆုတောင်းရင်းအဆုံးသတ်လိုက်ပါရစေ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top