လက်သည်းကိုက်တဲ့ အကျင့်ကြောင့် အရေပြားကင်ဆာ ဖြစ်ပြီး လက်မကိုပါ ဖြတ်ထုတ်လိုက်ရတဲ့ ကျောင်းသူလေး

41688313_323400228416724_6497203066830323712_n.jpg

အသက် ၂၀ အရွယ်၊ တက္ကသိုလ်ကျောင်းသူလေး တစ်ဦးဖြစ်တဲ့ ကော့တနီဝစ်ဟွန်း (Courtney Whithorn) ဟာ ကျောင်းတွင်း အနိုင်ကျင့်ဖိနှိပ်မှုကို ကာလရှည်ခံစားလာရတဲ့ စိတ်ဖိစီးမှုဒဏ်ပိပြီး လက်သည်းကို အမြဲတမ်းကိုက်ဖြစ်ခဲ့ရာကနေ ရှားပါး ကင်ဆာပိုး ဝင်ခဲ့တဲ့ အကျိုးဆက်ကြောင့် လက်မကိုပါ ဖြတ်ထုတ်ပစ်လိုက်ရတဲ့ အခြေအနေအထိ ကြုံခဲ့ရပါတယ်။

သူဟာ အသက် ၁၆ ရွယ်အရွယ်၊ အထက်တန်းကျောင်းသူဘဝကတည်းက ကျောင်းတွင်း အနိုင်ကျင့်မှုကို ကာလရှည်ကြာ ခံစားလာခဲ့ရရင်း စိတ်ဖိစီးမှုဒဏ် ဖြစ်လာပြီး စိတ်ဒဏ်ရာ အပြင်းအထန် ရခဲ့တာပါ။ ရေငုံနှုတ်ပိတ်နေတတ်တဲ့ အကျင့်ကြောင့် ကျောင်းမှာ စိတ်မကောင်းစရာကြုံရတိုင်း သူဟာ လက်သည်းကိုသာ မရပ်မနား ဖိကိုက်နေတတ်ခဲ့ပါတယ်။

လက်သည်းခွံကို အမြဲလိုလို ကိုက်နေတာက အစပိုင်းမှာ မသိသာပေမဲ့ ကော့တနီဟာ နောက်ပိုင်းမှာ သတိလက်လွတ်နဲ့ အလွန်အကျွံ လုပ်မိလာပြီး လက်မရဲ့ လက်သည်းခွံ တစ်ခုလုံးကုန်တော့မှ သတိထားမိလာခဲ့ရတယ်။ တဖြည်းဖြည်းနဲ့ လက်သည်းက အမည်းရောင်ပြောင်းလာပြီး ကော့တနီက လူမြင်မှာ ရှက်ရွံ့တဲ့စိတ်နဲ့ မိသားစု၊ သူငယ်ချင်းတွေ လုံးဝထုတ်မပြောဘဲ လေးနှစ်ကြာကာလအထိ ဖုံးဖိထားခဲ့ပါတယ်။

ဆရာဝန်နဲ့ပြတဲ့အချိန်မှာတော့ ရှားပါးတဲ့ ကင်ဆာပိုးတစ်မျိုး ကူးစက်နေမှန်းသိခဲ့ရပြီး ခွဲစိတ်မှုတွေ အဆင့်ဆင့်လုပ်ခဲ့ပေမဲ့ နောက်ဆုံးအဆင့်မှာ အခုလို လက်မကို ဖြတ်တောက်ပစ်ခဲ့ရပါတော့တယ်။ သူ ကြုံခဲ့ရသမျှကို ကော့တနီက အခုလို ရင်ဖွင့်သွားခဲ့ပါတယ်။

“ကင်ဆာဆဲလ်တွေပြန့်သွားပြီ၊ လက်မကို ဖြတ်ပစ်ရမယ့် အဆင့်ရောက်နေပြီ လို့ ဆရာဝန်ကပြောတဲ့အချိန် ကျွန်မအတွက် သိပ်ပြီး တုန်လှုပ်စရာ ဖြစ်ခဲ့ပါတယ်။ အခုထိ မယုံကြည်နိုင်သေးပါဘူး။ ကိုယ့်လက်သည်းကိုယ် ကိုက်တဲ့အဖြစ်ကြောင့် ကင်ဆာဖြစ်ရတာလို့ သိရလိုက်တဲ့အချိန် တကယ်ကို ယူကျုံးမရ ဖြစ်မိတယ်။ ဒီလို လုပ်မိလို့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ခဲ့ပေမယ့် တကယ်တော့ အပြစ်ရှိသူဟာ ကျွန်မ မဟုတ်ပါဘူး”

“လက်သည်းတွေ ကိုက်ထုတ်နေတာ ကြာလာတော့ လက်သည်းတွေ မည်းတက်လာတာ ကျွန်မသတိထားမိတယ်။ ဒါကို ဘယ်သူ့ကိုမှ မမြင်စေချင်လို့ အမြဲ လက်သီးဆုပ်ဆုပ်ထားပြီး လက်မကို ဝှက်ထားရတယ်။ လက်သည်းတုတွေ တပ်ထားရတယ်။ လက်သည်းတင်မကပဲ အရေပြားပါမည်းလာတာ မြင်ရတဲ့အခါမှ ကြောက်လွန်းလို့ အိမ်ကို အသိပေးဖြစ်တာပါ”

“လက်သည်းကတော့ ငယ်ငယ်ကတည်းက ကိုက်တတ်တဲ့အကျင့် ရှိပါတယ်။ ၂၀၁၄ ကနေစပြီး အထက်တန်းကျောင်းမှာ ကျွန်မ တောက်လျှောက် အနိုင်ကျင့်ခံခဲ့ရတယ်။ ပြီးတော့ ကျောင်းမှာ ကျွန်မနဲ့ပတ်သက်ပြီး မဟုတ်မမှန်တဲ့ ကောလဟလတွေ ပြန့်လာတော့ လူတွေက ကျွန်မကို ဖယ်ကျဉ်လာတယ်။ ကျွန်မမှာ အင်မတန်စိတ်ပင်ပန်းခဲ့ရတယ်။ ကြောက်စိတ်ဖိစီးလာတယ်။ စိတ်ဖိစီးမှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားလာရတယ်။ စိတ်ဖိစီးလာလေ ကျွန်မ လက်သည်းကို အလွန်အကျွံ ကိုက်မိလာလေပဲ။ ဒါကို ကျွန်မသတိမထားမိခဲ့ဘူး။ ကိုက်နေကျဖြစ်လာတော့ ကိုက်လို့ကိုက်နေမိမှန်းတောင် မသိအောင်ကို လက်သည်းခွံတစ်ခုလုံးကုန်ပြီး လက်မှာ သွေးတွေနဲ့ပေပွနေတော့မှ သတိပြန်ဝင်လာတာမ်ိုး ခဏခဏဖြစ်ခဲ့ပါတယ်”

တစ်ဆက်တည်းမှာပဲ သူဟာ ဆယ်ကျော်သက်တွေအတွက် အနိုင်ကျင့်ခံရပြီဆို ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ်အတွက် ခိုင်ခိုင်မာမာရပ်တည်ဖို့ သတ္တိရှိရမှာဖြစ်ကြောင်း၊ အကူအညီတောင်းခံဖို့ လုံးဝ နှုတ်ဆိတ်မနေသင့်ကြောင်း၊ အခက်ကြုံရချိန်မှာ ယုံကြည်စိတ်ချရသူတွေဆီထံ ထုတ်ပြောဖို့လိုအပ်ကြောင်း၊ သူ့ဘဝအသိနဲ့ ရင်းနှီးပြီး သင်ခန်းစာယူနိုင်ဖို့ နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိ ရဲရဲတင်းတင်း နေထိုင်နိုင်ဖို့ ဆယ်ကျော်သက်တွေအတွက် အားပေးခဲ့ပါတယ်။

Ref: Dailymail “Student had to have her thumb amputated after developing a form of skin cancer from ‘biting her NAILS”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top