ရုရှားက ယူကရိန်းကို အချိန်မရွေး ကျူးကျော်နိုင်လို့ အမေရိကန်နိုင်ငံသားတွေ ယူကရိန်းကနေ ၄၈ နာရီအတွင်း ထွက်ခွာဖို့ သတိပေး

10-2-2022-yyl29.jpg

ရုရှားက ယူကရိန်းနိုင်ငံကို အချိန်မရွေး ကျူးကျော်နိုင်တဲ့ စစ်သည်အင်အား ဖြန့်ကျက်ထားလို့ အမေရိကန်နိုင်ငံသားတွေအနေနဲ့ ယူကရိန်းကနေ ၄၈ နာရီအတွင်း ထွက်ခွာကြဖို့ အမေရိကန်နိုင်ငံက သတိပေးထားပါတယ်။ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပြီး ကျူးကျော်မှုစတင်လာရင် ယူကရိန်းကနေ ထွက်ခွာဖို့ ခက်ခဲမယ်၊ အရပ်သားတွေ အန ္တရာယ်ဖြစ်စေနိုင်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

ယူကရိန်းနယ်စပ်မှာ စစ်သည် ၁၀၀,၀၀၀ ကျော် တပ်စွဲထားပေမဲ့ ယူကရိန်းနိုင်ငံကို ကျူးကျော်ဖို့ အစီအစဉ်မရှိဘူးလို့ ရုရှားနိုင်ငံက ထပ်ဖန်တလဲလဲ ဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဗြိတိန်၊ ကနေဒါ၊ နယ်သာလန်၊ လတ်ဗီးယား၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေအပါအဝင် တခြားနိုင်ငံတွေကလည်း သူတို့နိုင်ငံသားတွေအနေနဲ့ ယူကရိန်းကနေ ထွက်ခွာကြဖို့ တိုက်တွန်းထားပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အနောက်အုပ်စုက သတင်းမှားတွေ ဖြန့်နေတယ်လို့ စွပ်စွဲထားပါတယ်။

” အနာဂတ်ကို မခန့်မှန်းနိုင်ပါဘူး၊ ဘာတွေ ဆက်ဖြစ်မလဲဆိုတာလည်း ကျွန်တော်တို့ အတိအကျ မသိပါဘူး။ ဒါပေမဲ့ အခုအချိန်မှာ အန္တရာယ်ဖြစ်နိုင်ခြေနဲ့ ခြိမ်းခြောက်မှု မြင့်တက်လာလို့ ယူကရိန်းကနေ ထွက်ခွာဖို့ လိုအပ်ပါတယ်” လို့ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဂျိတ်ဆူလီဗန်က ပြောပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ယူကရိန်းနယ်စပ်မှာ ရုရှားစစ်သည်တွေ ထပ်မံဖြန့်ကျက်ထားပြီး လာမယ့်ရက်ပိုင်းအတွင်း ပင်လယ်နက်မှာ ရုရှားစစ်တပ်က စစ်ရေးလေ့ကျင့်မှုလုပ်ဖို့ စီစဉ်နေတယ်လို့ အမေရိကန်အရာရှိတွေက သတိပေးပြီးနောက်မှာ ဂျိတ်ဆူလီဗန်က အခုလို မှတ်ချက်ပေးခဲ့တာပါ။

” ကျူးကျော်မှုက အချိန်မရွေး ဖြစ်လာနိုင်တယ်။ ရှင်းရှင်းပြောရရင် အိုလံပစ်ပြိုင်ပွဲကာလအတွင်း ( ဖေဖော်ဝါရီလ ၂၀ ရက်တွင် အဆုံးသတ်မယ်) ကျူးကျော်မှု ဖြစ်လာနိုင်ပါတယ်” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်သိုနီဘလင်ကန်က ပြောပါတယ်။ တကယ်လို့ ရုရှားနိုင်ငံက ကျူးကျော်လာရင် ယူကရိန်းနိုင်ငံမှာ ကျန်နေတဲ့ အမေရိကန်နိုင်ငံသားတွေကို ကယ်တင်ဖို့ အမေရိကန်တပ်ဖွဲ့ဝင်တွေ စေလွှတ်မှာမဟုတ်ဘူးလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့မှာ ဂျိုးဘိုင်ဒင်က အတ္တလန္တိတ်သမုဒ္ဒရာတစ်ဖက်ခြမ်းက ခေါင်းဆောင်တွေနဲ့ ဗီဒီယိုဖုန်းခေါ်ဆိုခဲ့ပြီး ယူကရိန်းနိုင်ငံ ကျူးကျော်ခံရရင် ရုရှားနိုင်ငံအပေါ် စီးပွားရေး အရ ပြင်းပြင်းထန်ထန် ဒဏ်ခတ်နိုင်အောင် ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြပါတယ်။

Ref: BBC “Ukraine tensions: Russia invasion could begin any day, US warns”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top