တံခါးမပါ၊ အမိုးမပါဘဲ အသုံးပြုဖို့ ၆ ဆ ပိုမြန်တဲ့ အမျိုးသမီးသုံးဆီးခွက်

10-2-2022-yyl23.jpg

ဗြိတိန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသုံး ဆီးခွက်တီထွင်ခဲ့သူတွေဟာ သူတို့ရဲ့ စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံဖို့ ပေါင် ၂၅၀၀၀၀ ရရှိခဲ့ကြပါတယ်။ အမ်ဘာပရိုဘန်းနဲ့ ဟေဇယ်မက်ရှိန်းတို့ဟာ နေ့စဉ်ဘဝထဲက အခက်အခဲတွေ ဖြေရှင်းဖို့ ရည်ရွယ်တဲ့ ဘစ္စတိုးတက္ကသိုလ်ရဲ့ မာစတာစီမံကိန်း တစ်စိတ်တစ်ပိုင်းအဖြစ် လက်အသုံးပြုစရာမလိုတဲ့ Peequal အမျိုးသမီးသုံး ဆီးခွက်ကို ဖန်တီးခဲ့တာပါ။

သူတို့ဟာ တေးဂီတဖျော်ဖြေပွဲတွေမှာ အပေါ့သွားဖို့ နာရီပေါင်းများစွာ တန်းစီစောင့်ဆိုင်းရတဲ့ ကိုယ်တွေ့ဖြစ်ရပ်ကို သင်ခန်းစာယူပြီး ပီဇာပုံသဏ္ဍာန်ရှိတဲ့ အမျိုးသမီးသုံး ဆီးခွက် ၆ လုံးပါ ရေအိမ်ကို ဖန်တီးခဲ့တာပါ။ သူတို့ရဲ့ ရေအိမ်ဟာ တံခါးမပါ၊ အမိုးမပါပေမဲ့ နံရံအကွေးတွေကို အစပ်အဟပ်တည့်တည့် စီထားလို့ အပြင်ဘက်ကနေ မမြင်နိုင်ပါဘူး။ သူတို့အသုံးပြုထားတဲ့ ဆီးခွက်ဟာ သမားရိုးကျပုံစံအတိုင်း ငုပ်တုတ်ထိုင်ရတာမျိုး မဟုတ်ဘဲ ဆောင့်ကြောင့်ထိုင်ရမှာ ဖြစ်ပါတယ်။

သူတို့ရဲ့ဒီဇိုင်းကြောင့် နေရာကျဉ်းကျဉ်းလေးမှာ ဆီးခွက်အများအပြား ထားရှိနိုင်ပြီး ရေအိမ်အသုံးပြုမှုအပိုင်းမှာလည်း သာမန်ရေအိမ်တွေထက် ၆ ဆ ပိုမြန်တယ်လို့ အမ်ဘာပရိုဘန်းနဲ့ ဟေဇယ်မက်ရှိန်းတို့က ပြောပါတယ်။ peequal ရေအိမ်တွေဟာ ခေါက်သိမ်းပြီး ကုန်တင်ကားတွေပေါ် တင်ဆောင်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့် သမားရိုးကျ ရေအိမ်တွေ သယ်ယူမှုနဲ့ယှဉ်ရင် အသုံးပြုရမယ့် ကုန်တင်ကားအရေအတွက်ကို လျှော့ချနိုင်တာကြောင့် ပွဲတော်တွေမှာ ကာဗွန်ထွက်ရှိမှုကိုလည်း လျော့ကျစေမှာပါ။

ဒါပေမဲ့ ပုံစံငယ်ကို စမ်းသပ်အသုံးပြုချိန်မှာတော့ ” အမိုးမပါတော့ မိုးရွာရင် ဘယ်လိုလုပ်မလဲ၊ နံရံတွေက နိမ့်တော့ ဆီးသွားရင်း အပြင်ဘက်ကို မြင်နေရတာ မလုံခြုံသလိုပဲ” အစရှိတဲ့ ဝေဖန်မှုတချို့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ အမ်ဘာပရိုဘန်းနဲ့ ဟေဇယ်မက်ရှိန်းတို့ဟာ ဘရစ္စတိုးတက္ကသိုလ်ရဲ့ တက်သစ်စလုပ်ငန်းပြိုင်ပွဲမှာ ထိပ်တန်းဆု ဆွတ်ခူးနိုင်ခဲ့လို့ ပေါင် ၁၅၀၀၀ ရရှိခဲ့ပြီး သူတို့ရဲ့စီမံကိန်း ပထမအဆင့် ရန်ပုံငွေအဖြစ် ပေါင် ၂၅၀၀၀၀ ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လာမယ့်နွေရာသီကျရင် ဗြိတိန်နိုင်ငံတစ်ဝန်းက ပွဲတော်တွေမှာ peequal ရေအိမ်တွေ အသုံးပြုရေးအတွက် စာချုပ်ချုပ်ဆိုနိုင်ဖို့ နီးစပ်နေပါပြီ။

ဟေဇယ်မက်ရှိန်းက တီထွင်ဖန်တီးမှုဆိုင်ရာ ရူပဗေဒပညာရပ် သင်ယူနေသူဖြစ်ပြီး အမ်ဘာပရိုဘန်းကတော့ တီထွင်ဖန်တီးမှုဆိုင်ရာ မနုဿဗေဒပညာရပ် ဘွဲ့ရတစ်ဦးဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အမျိုးသမီးသုံး ဆီးခွက် ၂၅၀ တည်ဆောက်လျက်ရှိပြီး လာမယ့်သီတင်းပတ်တွေအတွက် ပွဲတော်အကြီးအကျယ် စီစဉ်ကျင်းပသူတွေနဲ့ စာချုပ်တော်တော်များများ ချုပ်ဆိုရဖို့ ရှိနေပါတယ်။

Ref: Dailymail “Urinal for WOMEN with no doors that’s six times faster to use than a regular toilet prepares to launch”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top