လူ ၁၂၀၀ ကျော် ခိုလှုံနေတဲ့ ဇာတ်ရုံကို ရုရှားက ဗုံးကြဲခဲ့တယ်လို့ ယူကရိန်း စွပ်စွဲ

17-2-2022-yyl03.jpg

မာရီယာပိုမြို့မှာ လူ ၁၂၀၀ ခိုလှုံနေတဲ့ ဇာတ်ရုံတစ်ခုကို ရုရှားက ဗုံးကြဲခဲ့တယ်လို့ ယူကရိန်းအစိုးရက စွပ်စွဲထားတယ်။ ဗုံးဒဏ်ကြောင့် ဇာတ်ရုံပျက်စီးပြီး လူတော်တော်များများ အပျက်အစီးတွေအောက်မှာ ပိတ်မိနေတယ်လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အခုချိန်အထိ ဗုံးကြဲတိုက်ခိုက်နေဆဲဖြစ်လို့ သေဆုံးသူအရေအတွက်ကိုတော့ စစ်ဆေးလို့ မရသေးဘူး။

အရင်တုန်းကလည်း ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ အမြောက်ဆန် ပစ်ခတ်မှုတွေဟာ မိခင်နဲ့ကလေးဆေးရုံ၊ ဘုရားကျောင်းနဲ့ လူနေထိုင်ရာတာဝါတွေကို ထိမှန်ခဲ့ဖူးတယ်။ ရုရှားကျူးကျော်စစ် စတင်ခဲ့ပြီးတဲ့နောက် မာရီယာပိုမြို့မှာ အနည်းဆုံး လူ ၂၄၀၀ သေဆုံးခဲ့တယ်လို့ ဒေသခံအာဏာပိုင်တွေက ပြောတယ်။ ဒါပေမဲ့ အဲဒီပမာဏက လျှော့တွက်ထားတာဖြစ်မယ်လို့ ဆိုတယ်။

မာရီယာပိုမြို့မှာ အရပ်သား ၃ သိန်းလောက် ပိတ်မိနေပြီး လျှပ်စစ်ဓာတ်အား၊ ရေနဲ့ ဓာတ်ငွေ့ ဖြတ်တောက်ခံထားရတယ်။ ရုရှားစစ်သည်တွေက လူသားချင်းစာနာမှု အထောက်အပံ့တွေ ဝင်ခွင့်မပေးလို့ စားနပ်ရိက္ခာလည်း ပြတ်လပ်နေတယ်။ ရုရှားရဲ့ ဗုံးကြဲမှုခံခဲ့ရတဲ့ ဇာတ်ရုံရဲ့ ယခင်နဲ့ ယခုအခြေအနေကို ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက ယှဉ်တွဲဖော်ပြထားတယ်။

ဇာတ်ရုံက လုံးဝနီးပါး ပျက်စီးသွားတယ်။ ဒါဟာ မာရီယာပိုမြို့မှာ ရုရှားတွေ ထပ်မံကျူးလွန်တဲ့ ကြောက်မက်ဖွယ် စစ်ရာဇဝတ်မှုလို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက ပြောတယ်။ ဒီဇာတ်ရုံက အရပ်သားတွေ ခိုလှုံတဲ့နေရာဆိုတာ ရုရှားတွေ မသိစရာ အကြောင်းမရှိဘူးလို့လည်း ဆိုတယ်။ အမေရိကန်ကုမ္ပဏီ Maxar က မတ်လ ၁၄ ရက်မှာ ရိုက်ကူးထားတဲ့ ဂြိုဟ်တုဓာတ်ပုံတွေကို ထုတ်ပြန်ခဲ့တယ်။ ဇာတ်ရုံအပြင်ဘက် စင်္ကြံလမ်းမှာ ရုရှားဘာသာစကားနဲ့ ” ကလေးများ” လို့ ရေးသားထားတာကို အဲဒီဓာတ်ပုံထဲမှာ မြင်ရတယ်။ ဇာတ်ရုံပျက်စီးတဲ့သတင်း ထွက်ပေါ်လာပြီး နာရီပိုင်းအကြာမှာ ရုရှားနိုင်ငံက ဇာတ်ရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆန်သွားတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကတော့ ရုရှားသမ္မတ ပူတင်ကို ” စစ်ရာဇဝတ်ကောင်” လို့ သုံးနှုန်းသွားတယ်။ ရုရှားက အဲဒီမှတ်ချက်ကို ရှုတ်ချခဲ့ပြီး ဂျိုးဘိုင်ဒင်ရဲ့စကားက လက်သင့်မခံနိုင်စရာ၊ ခွင့်မလွှတ်နိုင်စရာပဲ၊ အမေရိကန်က ကမ္ဘာတစ်ဝန်းမှာ လူသိန်းချီကို သတ်နေတာလို့လည်း တုံ့ပြန်စွပ်စွဲခဲ့တယ်။

Ref: BBC “Ukraine war: Russia attacks theatre sheltering civilians, Mariupol says”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top