အရှေ့တောင် အာရှ နိုင်ငံများ၏ ရိုးရာ ကိုယ်ခံပညာရပ်များ – ၂

Krisna-Limbaga-IMG_3956-1200x800-1.jpg

အာရှတိုက်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၅ဝဝဝ ခန့် ကတည်းက ကိုယ်ခံပညာများ ထွန်းကားရာ ဒေသကြီးတစ်ခု ဖြစ်သည်။ ထို့ကြောင့် ONE Championship နှင့် အခြားကမ္ဘာ့ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲကြီးများတွင် အာရှသား ကိုယ်ခံပညာရှင် အများအပြားသည် နိုင်ငံတကာ ကစားသမားများနှင့် ရင်ဘောင်တန်း ယှဉ်ပြိုင်လျက်ရှိသည်။ အာရှနိုင်ငံ အများစုသည် ရိုးရာကိုယ်ခံပညာရပ် များကို အသီးသီး ပိုင်ဆိုင်ကြပြီး ယင်းပညာရပ် များကို အသုံးပြုကာ နိုင်ငံတကာ စင်မြင့်ထက်သို့ တက်လာသူ များလည်း ရှိကြသည်။ ယင်း နိုင်ငံများ ထဲမှ အရှေ့တောင်အာရှ နိုင်ငံများ၏ ရိုးရာကိုယ်ခံ ပညာများ အကြောင်း တင်ပြလိုက်ရ ပါသည်။

အာရှတိုက်သမိုင်းတွင် ပထမဆုံးသော ကမ္ဘာ့ကိုယ်ခံပညာ သိုင်းပေါင်းစုံ အဖွဲ့အစည်းဖြစ်သည့် ONE Championship တွင်လည်း အာဆီယံ ဒေသတွင်းမှ ကိုယ်ခံပညာ ကစားသမား အမြောက်အမြားက ၎င်းတို့ တက်ကျွမ်းသည့် ကိုယ်ခံပညာရပ်များဖြင့် အောင်မြင်မှူများစွာ ရရှိလျက်ရှိသည်။

၆။ ဖိလစ်ပိုင်၏ အမျိုးသား အားကစား အန်းနစ်

ဖိလစ်ပိုင်နိုင်ငံသည် ရိုးရာကိုယ်ခံပညာ အများအပြား ပိုင်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး အမျိူးသားအားကစားအဖြစ် သတ်မှတ် ခံရသည့် အဓိကကိုယ်ခံပညာရပ်မှာ အန်းနစ်ဟုခေါ်သည့် တုတ်သိုင်း တစ်မျိူး ဖြစ်သည်။ အန်းနစ်တွင် အက်စ်ခရီမာ၊ ကာလီ စသဖြင့် အမည်ခွဲများလည်း ရှိပြီး ဒေသအပေါ် လိုက်၍ တိုက်ခိုက်မှုပုံစံများ အနည်းငယ် ကွဲပြားခြားနားသွားသည်။ ယင်းပညာရပ်ကို တုတ်၊ ဓား လက်နက်များဖြင့် အသုံးပြုနိုင်သလို လက်နက်မဲ့လည်း အသုံးပြုနိုင်သည်။ သို့သော် လက်နက်ဖြင့် ဦးစွာသင်ရပြီးမှ လက်နက်မဲ့ကို ဆက်သင် ရခြင်းမှာ ထူးခြားချက် ဖြစ်သည်။

ဖိလစ်ပိုင် အားကစားမယ် တစ်ဦးဖြစ်သူ Krisna Limbaga သည် အားနစ် အားကစားမယ်တစ်ဦးဖြစ်ပြီး ONE အက်တမ်ဝိတ်တန်း အမျိုးသမီး ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသူ တစ်ဦးဖြစ်သည်။

၇။ နှစ် ၈ဝ ကျော် သက်တမ်းရှိ ဗီယက်နမ် ဗိုဗီနမ်

ဗီယက်နမ် ရိုးရာသိုင်းပညာ ဗိုဗီနမ်ကို ဗိုဗီယက်နမ် ဟုလည်း ခေါ်ကြပြီး ၁၉၃၈ ခုနှစ်က စတင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်ဟု မှတ်တမ်းများက ဖော်ပြထားသည်။ ဗိုဗီနမ်သည် လက်သီး၊ ခြေထောက်၊ ဒူး၊ တံတောင်တို့ကို အသုံးပြုတိုက်ခိုက် ရသလို တုတ်ဓား လက်နက်များ ဖြင့်လည်း တွဲဖက် အသုံးပြုနိုင်သည်။ ကမ္ဘာတစ်ဝှမ်းတွင် ဗိုဗီနမ် သင်ကြားပေးသည့် သင်တန်းကျောင်းပေါင်း ၆ဝ ကျော် ရှိပြီး ဥရောပနှင့် အမေရိကန်တို့တွင်ပါ ကျောင်းများ တည်ထောင် ဖွင့်လှစ်ထားသည်။ ဆီးဂိမ်းပြိုင်ပွဲတွင်လည်း ဗိုဗီနမ်ကို ထည့်သွင်း ယှဉ်ပြိုင်စေလေ့ ရှိသည်။

၈။ မွေထိုင်းနှင့် သဏ္ဍာန်တူသည့် မွေလာအို

လာအိုနိုင်ငံ၏ ရိုးရာ ကိုယ်ခံပညာ ဖြစ်သော မွေလာအို သည်လည်း မွေထိုင်း၊ လက်ဝှေ့၊ ခွန်ခမာ တို့ကဲ့သို့ ပညာရပ်မျိုး ဖြစ်ပြီး လက်သီး၊ တံတောင်၊ ဒူးနှင့် ညို့သကျည်း တို့ကို အသုံးပြု တိုက်ခိုက်ရသည့် “သတ် ၈ သတ်” ပညာရပ် ဖြစ်သည်။ မွေလာအိုတွင် အခြား ဒေသတွင်း ရိုးရာလက်ဝှေ့ များနှင့် သိသိသာသာ ကွဲပြား ခြားနားချက် မတွေ့ရပေ။ မွေလာအိုကို ၂ဝ၁၉ လာအို ဆီးဂိမ်းပြိုင်ပွဲတွင် ထည့်သွင်း ကျင်းပခဲ့ဖူးသည်။

၉။ ဆီလတ်သိုင်း အနွယ်ဝင် ဘရူနိုင်းဆီလတ်

မလေးရှား ဆီလတ်တွင် ဖော်ပြထားသကဲ့သို့ ဘရူနိုင်းတွင်လည်း ဆီလတ်သိုင်းပညာ ကိုပင် ရိုးရာ ကိုယ်ခံပညာရပ် တစ်ခု အဖြစ် သတ်မှတ်ထား ကြသည်။ သို့သော် ဘရူနိုင်း နိုင်ငံသားများက ၎င်းတို့၏ ဆီလတ်သည် အခြား ဆီလတ်ပညာရပ် များနှင့် ခြားနားသည်ဟု ယူဆကြပြီး ၎င်းတို့ ပညာရပ်က ရှေးအကျဆုံး ဖြစ်သည်ဟု ဆိုကြသည်။ ဖိလစ်ပိုင်မှ ကာလီဟု ခေါ်သည့် ပညာရပ်သည် ၎င်းတို့၏ ဆီလတ်မှ ဆင်းသက်လာခြင်း ဖြစ်သည်ဟုလည်း ဆိုကြသည်။

၁ဝ။ စင်ကာပူမှ ရိုးရာ သိုင်းပညာများ

စင်ကာပူ နိုင်ငံသည် တည်ထောင်သည့် သက်တမ်း မကြာသေးသဖြင့် ရိုးရာကိုယ်ခံပညာရပ်ဟူ၍ တိတိကျကျ သတ်မှတ်နိုင်ရန် ခက်ခဲသည်။ သို့သော် အရှေ့တောင် အာရှနိုင်ငံများတွင် အတွေ့ရများသည့် ဆီလတ်ကဲ့သို့ ပညာရပ်များနှင့် တရုတ်မှ ကွန်ဖူး၊ ဝူရှူး စသည့် ပညာရပ်များကို စင်ကာပူတွင် ရိုးရာ အားကစား အဖြစ် ကစားကြသည်။ ယခုနောက်ပိုင်းတွင်တော့ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားက စင်ကာပူ လူငယ်များကြား ပိုမိုရေပန်းစား လာခဲ့သည်။

စင်ကာပူနိုင်ငံတွင် ကိုယ်ခံပညာ အားကစားပေါင်းစုံရှိပြီး ONE Championship တွင် ကမ္ဘာ့ချန်ပီယံ နှစ်ဦး မွေးထုတ်ထားနိုင်ခဲ့သည်။ ONE အက်တမ်ဝိတ်တန်း ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကမ္ဘာ့ချန်ပီယံ Angela Lee နှင့် ၎င်း၏ မောင်ဖြစ်သူ လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Christian Lee တို့ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top