Covid-19 ကြောင့် အမေရိကန်နိုင်ငံမှာ သေဆုံးသူ ၆ ယောက်ရှိလာ

yyl-001-1.jpg

Covid-19 ကြောင့် အမေရိကန်နိုင်ငံမှာ သေဆုံးသူ ၆ ယောက်ရှိလာပြီး သေဆုံးသူအားလုံးက ဝါရှင်တန်ပြည်နယ်မှာ နေထိုင်သူတွေဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Covid-19 ကူးစက်ခံထားရတဲ့ နိုင်ငံ ၆၂ နိုင်ငံအထိ ရှိနေပြီး အဲဒီနိုင်ငံတွေထဲမှာ ၃၈ နိုင်ငံကတော့ ကူးစက်ခံရသူ ၁၀ ယောက်အောက်ပဲ ရှိပါတယ်။ တရုတ်နိုင်ငံပြင်ပမှာ Covid-19 ကူးစက်ပျံ့နှံ့မှု အဆိုးရွားဆုံး ဖြစ်ပွားရာ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အီတလီနိုင်ငံမှာ ပြီးခဲ့တဲ့တနင်္လာနေ့က သေဆုံးသူ ၅၂ ယောက်အထိ မြင့်တက်လာခဲ့ပါတယ်။ တရုတ်နိုင်ငံပြင်ပမှာ Covid-19 ကူးစက်ပျံ့နှံ့မှု ၈၈၀၀ လောက်ဖြစ်ပွားနေတဲ့အနက် ၈၁ ရာခိုင်နှုန်းက တောင်ကိုရီးယား၊ အီတလီ၊ အီရန်နဲ့ ဂျပန်နိုင်ငံတွေမှာ ဖြစ်ပွားနေပြီး အဲဒီနိုင်ငံ ၄ နိုင်ငံကတာ့ စိုးရိမ်စရာအကောင်းဆုံး ဖြစ်နေပါတယ်။ အီရန်နိုင်ငံမှာ ထိပ်တန်းခေါင်းဆောင် အလီခါမေနီရဲ့ ထိပ်တန်းအကြံပေးပုဂ္ဂိုလ် မာမိုဟက်မက်ဒီအပါအဝင် လူ ၆၆ ယောက် သေဆုံးခဲ့ပါတယ်။

Covid-19 (ကိုရိုနာဗိုင်းရပ်စ်သစ်)ကူးစက်ပျံ့နှံ့မှုဟာ ကမ္ဘာကြီးအတွက် မြေပုံမပါဘဲ ခရီးသွားရသလို ဖြစ်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO)က ပြောပါတယ်။ Covid-19 ဟာ ထူးခြားတဲ့ ရောဂါတစ်မျိုးဖြစ်ပေမဲ့ သင့်တော်တဲ့စည်းမျဉ်းတွေ ချမှတ်ရင် ဟန့်တားနိုင်တယ်လို့ WHO အကြီးအကဲ ဂီဘရီယီဆက်က ပြောပါတယ်။ ကမ္ဘာတစ်ဝန်းမှာ Covid-19 ကြောင့် သေဆုံးသူ ၃၀၀၀ ကျော်ရှိနေပါတယ်။ ပြီးခဲ့တဲ့ ၃ ရက်အတွင်း တရုတ်နိုင်ငံပြင်ပ ရောဂါကူးစက်ပျံ့နှံ့မှုပမာဏဟာ တရုတ်နိုင်ငံထဲက ကူးစက်ပျံ့နှံ့မှုထက် ၉ ဆ ပိုများခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်း ဖြစ်ပွားနေတဲ့ Covid-19 ကူးစက်ပျံ့နှံ့မှုက တစ်လမ်းသွား မဟုတ်လို့ ကမ္ဘာ့နိုင်ငံတွေက ထိထိရောက်ရောက်၊ မြန်မြန်ဆန်ဆန် တုံ့ပြန်လှုပ်ရှားမှပဲ ကူးစက်ပျံ့နှံ့မှုကို တိုက်ဖျက်နိုင်လိမ့်မယ်လို့ ဂီဘရီယီဆက်က ဆိုပါတယ်။ ကမ္ဘာ့နိုင်ငံအားလုံးအတွက် သင့်တော်တဲ့ ရောဂါကူးစက်ပျံ့နှံ့မှု တိုက်ဖျက်နည်းမရှိလို့ နိုင်ငံတစ်နိုင်ငံချင်းစီအနေနဲ့ ကိုယ့်နိုင်ငံအတွက် သင့်တော်မယ့်နည်းလမ်း ရှာဖွေသင့်တယ်လို့ ဂီဘရီယီဆက်က ပြောပါတယ်။ Covid-19 ကူးစက်ပျံ့နှံ့မှုကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် ကြေညာသင့်၊ မကြေညာသင့်ဆိုတာကို WHO က ဆက်ပြီး စောင့်ကြည့်သွားမယ်လို့ ဂီဘရီယီဆက်က ပြောပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top