ကားပျက်တဲ့နေရာမှာပဲ မင်္ဂလာဆောင်ဓာတ်ပုံရိုက်ကူးခဲ့ရတဲ့ ကြင်စဦးဇနီးမောင်နှံ

intl-pekan01.jpg

မလေးရှားနိုင်ငံက ပီကန် (Pekan) မြို့လေးက နိုနီ (Noni) နဲ့ နာကီ (Naqi) ဆိုတဲ့စုံတွဲက အခုမှ မင်္ဂလာပွဲကျင်းပပြီးလို့ ရှုခင်းလှလှလေးနဲ့ မင်္ဂလာဆောင်ဓာတ်ပုံရိုက်ဖို့အတွက် ရိုက်ကူးမယ့်နေရာကို သွားတဲ့လမ်းမှာ ကားပျက်သွားခဲ့ပါတယ်။ အကောင်းနဲ့ အဆိုးဒွန်တွဲနေတယ်ဆိုတဲ့ စကားအတိုင်းပဲ သူတို့မင်္ဂလာစုံတွဲလေးက ကားပျက်သွားတာ ကံဆိုးတယ်လို့ထင်ရပေမယ့် အကောင်းဘက်က ကြည့်မယ်ဆိုရင် သူတို့ရဲ့မင်္ဂလာရက်မြတ်နေ့မှာ ထူးထူးခြားခြားလေး ဓာတ်ပုံရိုက်လိုက်ရတာက ကံကောင်းတယ်လို့ ပြောရမှာပါပဲ။

သူတို့ကြင်စဦးဇနီးမောင်နှံက ကားပျက်တဲ့နေရာလေးမှာပဲ မင်္ဂလာဆောင်ဓာတ်ပုံရိုက်ကူးခဲ့ကြပါတယ်။ အဲဒီနေရာမှာ ရိုက်ကူးခဲ့တဲ့ပုံတွေကို တွစ်တာအကောင့်မှာ တင်လိုက်တဲ့အခါ ကြိုက်နှစ်သက်သူ အများအပြားရှိခဲ့ပါတယ်။ အစက သူတို့စုံတွဲက မင်္ဂလာပွဲပြီးတဲ့နောက်မှာ ကမ်းခြေသွားဖို့ စီစဉ်ထားတာပါ။ အဲဒီမှာ ပင်လယ်ကမ်းခြေရှုခင်းတွေနဲ့ မင်္ဂလာဓာတ်ပုံရိုက်ကူးချင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့စီစဉ်ထားသလို ဖြစ်မလာခဲ့ပါဘူး။

“ကမ်းခြေသွားတဲ့လမ်းမှာ ကျွန်တော်က သူ့ကားနောက်ကနေ လိုက်လာခဲ့တာပါ။ ရုတ်တရက် ကားက လမ်းဘေးမှာ ရပ်သွားခဲ့ပါတယ်။ သူတို့ကားရဲ့အပူချိန်က မြင့်လွန်းနေခဲ့တာပါ” လို့ ဓာတ်ပုံဆရာက အက်ပီဟဇ်မီ (Apihazmi) က ပြောပါတယ်။

အက်ပီဟဇ်မီက ဓာတ်ပုံဆရာပီပီ ဘယ်လိုနေရာမှာရိုက်ရိုက် အဆင်ပြေပါတယ်။ ဓာတ်ပုံဆရာက ကားပျက်သွားတဲ့အတွက် သူတို့ကို ဒီနေရာမှာ ဓာတ်ပုံနည်းနည်းလောက်ရိုက်လို့ရကြောင်း ပြောခဲ့ပါတယ်။ အခုလိုအခြေအနေမျိုးမှာ သူတို့ဇနီးမောင်နှံက ပျက်နေတဲ့သူတို့ကားရယ်၊ လမ်းဘေးဆိုင်းဘုတ်တွေနဲ့ အကောင်းဆုံး Pose ပေးနိုင်ခဲ့ပါတယ်။

တွစ်တာအသုံးပြုသူတွေက ဓာတ်ပုံဆရာရဲ့စွမ်းရည်နဲ့ နိုနီတို့ရဲ့သဘာဝပုံစံလေးတွေကို ပြသနေတဲ့၊ စိတ်ကူးကောင်းတဲ့ဓာတ်ပုံတွေကို နှစ်သက်သဘောကျလို့နေပါတယ်။ ဖြတ်သွားတဲ့ကားတွေက သူတို့ကို ဟွန်းတီးပြခဲ့ကြပါသေးတယ်။ ဒါပေမဲ့ ကားပျက်နေတာက ဓာတ်ပုံရိုက်ဖို့အတွက် လုပ်ထားတယ်လို့ သူတို့က ထင်မှတ်ပြီး ကားကိုမရပ်ခဲ့ကြပါဘူးလို့ အက်ပီဟဇ်မီက ဆိုပါတယ်။

နိုနီတို့စုံတွဲက လမ်းမှာကြန့်ကြာနေကြပေမယ့်လည်း နောက်ဆုံးမှာတော့ ကားကြုံစီးပြီး သူတို့နဂိုစီစဉ်ထားတဲ့ ကမ်းခြေကို အမှတ်တရအဖြစ်အပျက်လေးနဲ့အတူ ရောက်ရှိသွားခဲ့ပါတယ်။

Ref: Couple holds impromptu roadside wedding photoshoot after car breaks down
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top