စိမ့်စမ်းရေအလား ကရုဏာ

yyl-013.jpg

လူသားတို့ တစ်ဦးအပေါ်တစ်ဦး ကရုဏာ သက်ဝင်နိုင်လာရင် မှုခင်းသတင်းတွေလည်း လျော့ကျလာနိုင်မယ်လို့ မျှော်လင့်ရင်း စိတ်နှလုံး နူးညံ့စေမည့် ဆောင်းပါးလေးတွေ ရေးဖြစ်လာပါတယ်။ ယနေ့ညချမ်းချိန်ခါမှာတော့ လူသားတို့ ကျင့်ကြံပွားများသင့်တဲ့ ကရုဏာအကြောင်း ဖော်ပြပေးလိုက်ပါသည်။

ကရုဏာတရား ပွားများပုံ သုံးမျိုးရှိပါသည်။ ကိုယ်တိုင်ကိုယ်ကျ (ကာယကံ) သော်လည်းကောင်း၊ နှုတ်ဖြင့် (ဝစီကံ) သော်လည်းကောင်း၊ စိတ်ဖြင့် (မနောကံ) သော်လည်းကောင်း ပွားများနိုင်ပါတယ်။

ကာယကံမြောက် ပွားများပုံမှာ – သူ့အလိုအလျောက်သော်လည်းကောင်း၊ တပါးသူနှိပ်စက်လို့သော်လည်းကောင်း ဆင်းရဲဒုက္ခရောက်နေသူကို တွေ့ကြုံတဲ့အခါ ကူညီပေးတာမျိုးပါ။ ဥပမာ မိမိရှေ့မှာ တစ်ဦးတစ်ယောက် ချော်လဲတာတွေ့ရင် တွဲထူပေးတာမျိုး၊ မကျန်းမမာသူကို တွေ့ရင် ကူညီပေးတာမျိုး၊ နိုင်ထက်စီးနင်း ပြုကျင့်နေတာ ကြုံတဲ့အခါ မိမိက တတ်နိုင်ရင် ကာကွယ်စောင့်ရှောက်ပေးတာမျိုး ကို ဆိုလိုတာပါ။

ဝစီကံမြောက် ပွားများပုံ – ဆင်းရဲဒုက္ခရောက်လာလို့ မိမိကို အကူအညီ လာတောင်းကြတာမျိုး အနည်းနဲ့အများ ကြုံဖူးကြမှာပါ။ နှုတ်ဖြင့်ဆောင်မခြင်းဖြင့် စီမံညွှန်ကြား ကူညီပေးနိုင်ပါသည်။ မိမိက ကူညီချင်သော်လည်း မတတ်နိုင်တဲ့ကိစ္စဆိုရင် အားပေးနှစ်သိမ့်စကား ပြောဆိုပေးသင့်ပါတယ်။ အဓိကကတော့ အကူအညီလိုလို့ လာတောင်းသူကို ဟိန်းဟောက်ငေါက်ငမ်းပြီး နှင်လွှတ်လိုက်ခြင်းကတော့ ကရုဏာကင်းမဲ့ရုံမက မေတ္တာပါ ခမ်းခြောက်နေပြီလို့ ဆိုနိုင်ပါတယ်။

မနောကံမြောက် ပွားများပုံ – တစ်ဦးတစ်ယောက်က ဒုက္ခတွေ့တဲ့အခါ ကျန်တစ်ဦးမှ သည်ဆင်းရဲဒုက္ခက ဘယ်လိုလုပ်ပေးလိုက်ရင်ဖြင့် လွတ်မြောက်သွားမှာပဲလို့ တွေးတောကြံစည်ပေးတာမျိုးက လောကဝတ္တရားနှင့် ဆက်စပ်တဲ့ ကရုဏာစိတ်ပါ။ မိဘနှင့်သားသမီး မှာ အတွေ့ရများပါတယ်။ နောက်တစ်နည်းက ပါရမီဖြစ် ကုသိုလ်ဖြစ် ကရုဏာ ပွားများတာပါ။ အကြောင်းအမျိုးမျိုးကြောင့် ဆင်းရဲဒုက္ခ ရောက်နေတဲ့သူတွေကို မြင်တွေ့လို့ပဲဖြစ်ဖြစ်၊ ကြားသိလို့ပဲဖြစ်ဖြစ် ထိုပုဂ္ဂိုလ်(များ) ကို အာရုံပြုပြီး ခံစားနေရတဲ့ ဆင်းရဲဒုက္ခမှ ကင်းလွတ်ပါစေလို့ ပွားများပေးခြင်းဖြစ်တယ်။ စားနေရင်းဖြစ်ဖြစ်၊ လှုပ်ရှားသွားလာနေရင်းဖြစ်ဖြစ် ပွားများလို့ရတော့ အလုပ်မပျက် ကုသိုလ်လည်း ဖြစ်တာပေါ့။

မဟာစည်ဆရာတော်ဘုရား ဟောကြားတော်မူတဲ့ ဗြဟ္မစိုရ်တရားတော် ဒုတိယအပိုင်းမှ ကရုဏာအကြောင်းကို ကိုးကားဖော်ပြပေးပါသည်။

ချမ်းမြေ့ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top