တတိယကမ္ဘာစစ်ဖြစ်ရင် နျူကလီးယားစစ်ပွဲမှတပါး အခြားမရှိဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ပြော

3-3-2022-yyl12.jpg

တတိယကမ္ဘာစစ်ဖြစ်ရင် နျူကလီးယားစစ်ပွဲ ဖြစ်မှာ သေချာတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂိုင်လက်ဗ်ရော့ဗ်က ပြောပါတယ်။ ” အရေးယူပိတ်ဆို့မှုတွေမလုပ်ရင် တခြားရွေးချယ်စရာကတော့ တတိယကမ္ဘာစစ်ဖြစ်ဖို့ပဲ ရှိတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။ တတိယကမ္ဘာစစ်ဖြစ်ရင်တော့ နျူကလီးယားစစ်ပွဲပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ကို စစ်ပွဲဆင်နွှဲမယ်ဆိုရင်တော့ အဲဒီလို စဉ်းစားသူတွေအနေနဲ့ နျူကလီးယားစစ်ပွဲဖြစ်မှာကို ကြိုစဉ်းစားသင့်တယ်။ ကျွန်တော့်အထင်တော့ သူတို့က အဲဒီလို အစီအစဉ်တွေ လုပ်ထားပြီးသား ဖြစ်မှာပါ” လို့ ဆာဂိုင်လက်ရော့ဗ်က မော်စကိုမြို့ စာနယ်ဇင်းရှင်းလင်းပွဲမှာ ပြောပါတယ်။

လွန်ခဲ့တဲ့တစ်ပတ်မှာ ရုရှားက ယူကရိန်းနိုင်ငံကို ကျူးကျော်စစ် ဆင်နွှဲခဲ့ပြီးနောက်ပိုင်း ယူကရိန်းနိုင်ငံကနေ စွန့်ခွာထွက်ပြေးရသူ တစ်သန်းကျော် ရှိလာခဲ့ပါတယ်။ ယူကရိန်းကို စွန့်ခွာထွက်ပြေးသူတွေထဲမှာ ၅၇၅,၀၀၀ ကျော်ကတော့ ပိုလန်နိုင်ငံကို ထွက်ပြေးခဲ့တာဖြစ်ပြီး ဟန်ဂေရီ၊ ဆလိုဗက်ကီးယား၊ မော်လ်ဒိုဗာ၊ ရိုမေးနီးယားနဲ့ တခြားဥရောပနိုင်ငံတွေဆီ ထွက်ပြေးခဲ့ကြတာပါ။

ရုရှားဟာ ကျူးကျော်စစ် စတင်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းနိုင်ငံရဲ့ အဓိကမြို့တစ်မြို့ကို သိမ်းပိုက်လိုက်ပါပြီ။ ယူကရိန်းနိုင်ငံတောင်ပိုင်းက အဓိကဆိပ်ကမ်းမြို့ဖြစ်တဲ့ ခါဆန်မြို့ကို ရုရှားစစ်သည်တွေက သိမ်းပိုက်ခဲ့တာပါ။ ယူကရိန်းနိုင်ငံရဲ့မြို့တော်တော်များများလည်း အမြောက်ဆန်တွေ အကြီးအကျယ် ကျရောက်ခဲ့ပြီး မတ်လ ၂ ရက်နေ့ကတော့ ထိခိုက်ပျက်စီးဆုံးရှုံးမှု အများဆုံးနေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။

ယူကရိန်းကျူးကျော်စစ်အတွင်း ရုရှားစစ်သည် ၄၉၈ ယောက် ကျဆုံးခဲ့ပြီး ၁၅၉၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ ရုရှားနိုင်ငံက ပထမဆုံးအကြိမ် ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ အမှန်တကယ် သေဆုံး၊ ဒဏ်ရာရသူ အရေအတွက်က ထောင်ပေါင်းများစွာရှိတယ်လို့ ယူကရိန်းက တုံ့ပြန်ထားပါတယ်။ ရုရှားရဲ့ကျူးကျော်စစ်ကြောင့် ယူကရိန်းနိုင်ငံမှာ အရပ်သား ၂၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ယူကရိန်းအစိုးရက ပြောပါတယ်။

ရုရှားပညာရေးဝန်ကြီးဌာနကတော့ ရုရှားရဲ့ကျူးကျော်စစ်နဲ့ပတ်သက်ပြီး ပြည်တွင်းမှာ ဝါဒဖြန့်ဖို့ ကြိုးစားနေပါတယ်။ ” ယူကရိန်းနိုင်ငံ လွတ်မြောက်ရေးစစ်ဆင်မှုက မလုပ်မဖြစ်ကိစ္စ” ဖြစ်တယ်ဆိုတဲ့အကြောင်း ရုရှားပညာရေးဝန်ကြီးဌာနက ရုပ်သံကနေ ထုတ်လွှင့်ခဲ့ပါတယ်။ နိုင်ငံတစ်ဝန်းက ကလေးငယ်တွေ သင်ကြားစေဖို့ ရည်ရွယ်ပြီး မတ်လ ၃ ရက် မော်စကိုစံတော်ချိန် ၁၂ နာရီ ( မြန်မာစံတော်ချိန် ၃း၃၀)မှာ ထုတ်လွှင့်ခဲ့တာပါ။

ရုရှားနိုင်ငံအတွက် နေတိုးအဖွဲ့က အန ္တရာယ် ဘယ်လို ဖြစ်စေနိုင်လဲ၊ ဒွန်းညက်နဲ့ လူဟန့်စ်ပြည်သူ့သမ္မတနိုင်ငံ ( ယူကရိန်းပြည်နယ်များအတွက် ရုရှား၏ အသုံးအနှုန်း) ပြည်သူတွေကို ကာကွယ်ပေးဖို့ ရုရှားက ဘာကြောင့် ရပ်တည်ခဲ့လဲ” ဆိုတဲ့ အယူအဆတွေကို သင်ကြားပေးခဲ့တာပါ။ လက်ရှိအချိန် အင်တာနက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်း၊ ဓာတ်ပုံ၊ ဗီဒီယိုတွေထဲက အလိမ်အညာတွေကနေ အမှန်ကို ဘယ်လိုခွဲခြားဖော်ထုတ်ရမလဲဆိုတာ ကလေးတွေ သင်ကြားရမယ်လို့ ရုရှားပညာရေးဝန်ကြီးဌာနရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

Ref: BBC “Live Reporting”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top