အမေရိက ပြန်လာပြီ၊ ကမ္ဘာကြီးကို ဦးဆောင်ဖို့ အသင့်ပဲလို့ ဂျိုးဘိုင်ဒင် ပြော

25-11-2020-yyl-016.jpg

အမေရိကန်သမ္မတ ရွေးကောက်ပွဲ အနိုင်ရခဲ့ပြီဆိုတဲ့ ဒီမိုကရက်တစ်ကိုယ်စားလှယ် ဂျိုးဘိုင်ဒင်က ” အမေရိက ပြန်လာပြီ၊ ကမ္ဘာကြီးကို ဦးဆောင်ဖို့ အသင့်ပဲ၊ ဦးဆောင်သူနေရာကနေ ဖယ်ပေးမှာမဟုတ်ဘူး”လို့ ဒယ်လာဝဲပြည်နယ် မိန့်ခွန်းပြောပွဲမှာ ပြောကြားခဲ့ပါတယ်။ ဂျိုးဘိုင်ဒင်ဟာ ဇန်နဝါရီလ ၂၀ ရက်မှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုဖို့ ပြင်ဆင်နေပြီး သူ့ရဲ့အစိုးရအဖွဲ့မှာ အရေးကြီးတဲ့ ရာထူးနေရာ ၆ ခုအတွက် အရာရှိတွေ ခန့်အပ်ခဲ့ပါတယ်။ အေဗရယ်ဟိန်းစ်က အမျိုးသားလုံခြုံရေးဌာနရဲ့ ပထမဆုံး အမျိုးသမီးဒါရိုက်တာဖြစ်လာပြီး အလက်ဇန်ဒရိုမေယာကက်စ်ကလည်း ပြည်တွင်းလုံခြုံရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရတဲ့ ပထမဆုံးလက်တင်လူမျိုး ဖြစ်လာမှာပါ။

သမ္မတဒေါ်နယ်ထရမ့်က အာဏာလွှဲပြောင်းရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်ဖို့ သဘောတူညီခဲ့လို့ ဂျိုးဘိုင်ဒင်အနေနဲ့ ထိပ်တန်းလျှို့ဝှက်ထောက်လှမ်းရေးအချက်အလက်တွေ ရရှိမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒေါ်နယ်ထရမ့်က ရွေးကောက်ပွဲရှုံးနိမ့်ပြီလို့ လက်မခံသေးဘဲ သမ္မတရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိတယ်ဆိုတဲ့ အထောက်အထားမဲ့ စွပ်စွဲချက်တွေနဲ့ စွပ်စွဲနေဆဲပါပဲ။ ပြီးခဲ့တဲ့တနင်္လာနေ့က မစ်ချီဂန်ပြည်နယ်မှာ ဂျိုးဘိုင်ဒင် အနိုင်ရမှုကို အတည်ပြုခဲ့သလို ပြီးခဲ့တဲ့အင်္ဂါနေ့ကလည်း ပင်ဆယ်ဗေးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး တွမ်ဝုဖ်က ဂျိုးဘိုင်ဒင် အနိုင်ရပြီဆိုတာကို အတည်ပြုပေးခဲ့ပါတယ်။

ဒယ်လာဝဲပြည်နယ် ဝယ်မင်တန်မြို့ မိန့်ခွန်းပြောကြားမှုမှာ ဂျိုးဘိုင်ဒင်က မဟာမိတ်နိုင်ငံတွေ ပြန်လည်ဖွဲ့စည်းဖို့၊ ကိုရိုနာဗိုင်းရပ်စ်နဲ့ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ဖို့ အဓိကထား ပြောကြားခဲ့ပါတယ်။ ” အမေရိကန်နိုင်ငံက ပစိဖိတ်ဒေသ၊ အတ္တလန္တိတ်ဒေသနှင့် ကမ္ဘာတစ်လွှားမှာ ကမ္ဘာ့ခေါင်းဆောင်နိုင်ငံဆိုတဲ့ သမိုင်းအစဉ်အလာအခန်းကဏ္ဍကို ပြန်လည်ရယူဖို့ ကမ္ဘာ့ခေါင်းဆောင်တွေ စောင့်မျှော်နေကြပါတယ်”လို့ ဂျိုးဘိုင်ဒင်က ပြောပါတယ်။
NBC သတင်းဌာနနဲ့ တွေ့ဆုံရာမှာ ဂျိုးဘိုင်ဒင်က ” လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်က အခင်းအကျင်းကို ပြောင်းလဲပစ်ခဲ့တယ်။ အမေရိက ပထမဆိုပြီး အမေရိကက သီးခြားဖြစ်လာတယ်။ ကျွန်တော်တို့မဟာမိတ်တွေ စိုးရိမ်ပူပန်ရတဲ့ အခြေအနေ ရောက်နေပါပြီ”လို့ ပြောပါတယ်။

ဂျိုးဘိုင်ဒင်ဟာ အိုင်ယာလန်နယ်စပ်အရေးနဲ့ပတ်သက်ပြီး ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၊ တခြားခေါင်းဆောင်တွေနဲ့လည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ အိုင်ယာလန်မျိုးနွယ်ကနေ ဆင်းသက်လာတဲ့ ဂျိုးဘိုင်ဒင်က နယ်စပ်မှာ အစောင့်အကြပ်တွေ ချထားမယ်ဆိုတဲ့ အကြံအစည်ကို လက်မခံဘဲ အိုင်ယာလန်နယ်စပ်ကို ဖွင့်ထားရမယ်လို့ ထောက်ပြခဲ့ပါတယ်။

အဓိကရာထူးနေရာ ၆ နေရာအတွက် ဂျိုးဘိုင်ဒင်ရဲ့ ရွေးချယ်မှု
နိုင်ငံခြားရေးဝန်ကြီး – အန်တိုနီဘလင်ကင်
ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး သံတမန် – ဂျွန်ကယ်ရီ
အမျိုးသားထောက်လှမ်းရေးဌာနဒါရိုက်တာ – အေဗရယ်ဟိန်းစ်
ပြည်တွင်းလုံခြုံရေးဝန်ကြီး – အလက်ဇန်ဒရိုမေယာကက်စ်
အိမ်ဖြူတော်အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် – ဂျိတ်ဆူလီဗန်
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် – သောမတ်စ်ဂရင်းဖီးလ်

Ref: BBC ” US election 2020: ‘America is back’, says Biden as he unveils team”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top