ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတဲ့မိခင်ကနေ မွေးဖွားလာတဲ့ ကလေးငယ်မှာ ဗိုင်းရပ်စ်ကို တွန်းလှန်နိုင်တဲ့ ပဋိပစ္စည်းတွေ တွေ့ရှိ

4-12-2020-yyl-033.jpg

ကိုယ်ဝန်ဆောင်နေချိန်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရတဲ့ စင်ကာပူအမျိုးသမီးတစ်ယောက် မွေးဖွားလာတဲ့ ကလေးငယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကို တွန်းလှန်နိုင်တဲ့ ပဋိပစ္စည်းတွေ ပါဝင်လာတာ တွေ့ရှိခဲ့ပါတယ်။ အခုလအတွင်း မွေးဖွားခဲ့တဲ့ အဲဒီကလေးငယ်ဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းမရှိဘဲ ပဋိပစ္စည်းတွေ ပါဝင်နေတာ တွေ့ရှိခဲ့တယ်လို့ မိခင်ဖြစ်သူက Straits Times သတင်းစာကို ပြောပါတယ်။

” ကျွန်မ ကိုယ်ဝန်ဆောင်ထားချိန်မှာ ကျွန်မခန္ဓာကိုယ်ထဲက ကိုဗစ်-၁၉ ရောဂါ တွန်းလှန်နိုင်တဲ့ ပဋိပစ္စည်းတွေက သားလေးဆီ ရောက်သွားတာလို့ ကျွန်မ ဆရာဝန်က ယူဆပါတယ်”လို့ ဆီလင်းအန်ချန်းက ပြောပါတယ်။ အန်ချန်းဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရလို့ အဖျားငွေ့ငွေ့ရှိခဲ့ပြီး သီတင်းပတ် ၂ ပတ်ခွဲအကြာမှာ ဆေးရုံကနေ ပြန်ဆင်းခွင့်ရခဲ့ပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ ကိုယ်ဝန်ဆောင်မိခင်က ကိုယ်ဝန်ဆောင်ထားချိန် ဒါမှမဟုတ် မီးဖွားချိန်မှာ သူ့ရဲ့သန္ဓေသားလောင်း ဒါမှမဟုတ် ရင်သွေးဆီကို ရောဂါကူးစက်နိုင်လားဆိုတာ တိတိကျကျ အဖြေမထုတ်နိုင်သေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO)က ပြောပါတယ်။ လက်ရှိအချိန်အထိတော့ သားအိမ်ထဲက သန္ဓေသားကို ဝိုင်းရံထားတဲ့ အရည်နမူနာ ဒါမှမဟုတ် မိခင်နို့ရည်ထဲမှာ ကိုရိုနာဗိုင်းရပ်စ် မတွေ့ရသေးပါဘူး။

ကိုဗစ်-၁၉ ရောဂါရှိတဲ့ မိခင်ကနေ မွေးဖွားလာတဲ့ ကလေးငယ်တွေမှာ ကိုဗစ်-၁၉ ရောဂါ တွန်းလှန်နိုင်တဲ့ ပဋိပစ္စည်းတွေ တွေ့ရပြီး အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်း လျော့နည်းသွားတယ်လို့ တရုတ်နိုင်ငံရဲ့ ဆရာဝန်တွေက ပြောပါတယ်။ ဒါပေမဲ့ မိခင်ကနေ မွေးကင်းစကလေးငယ်ကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမှာ ဖြစ်တောင့်ဖြစ်ခဲပဲလို့ နယူးယော့ခ် Presbyterian/Columbia တက္ကသိုလ် အာဗင်ကျန်းမာရေးစင်တာရဲ့ဆရာဝန်တွေက ပြောပါတယ်။

Ref: Reuters ” Singaporean gives birth to baby with COVID-19 antibodies – report”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top