ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို ကျေးဇူးတင်ချင်လို့ တယောတီးပြခဲ့တဲ့ အထူးကြပ်မတ်ခန်းက ကိုဗစ်လူနာ

20-11-2020-yyl-014.jpg

ယူးတားပြည်နယ်က ဆေးရုံတစ်ရုံမှာ ကိုဗစ်ရောဂါကို ခုခံနေရတဲ့ အသက် ၇၀ အရွယ် သံစုံတီးဝိုင်းဆရာဟောင်း ဂရိုဗာ ဝီလ်ဟမ်းဆန် (Grover Wilhelmsen) ဆိုသူက အထူးကြပ်မတ်ခန်းမှာ အသက်ရှုပိုက်တွေတပ်ထားရတာကြောင့် စကားမပြောနိုင်ပေမဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေအတွက် သူ့ရဲ့ကျေးဇူးတရားကို တစ်နည်းနည်းနဲ့ ပြချင်ခဲ့တာပါ။ အဲဒါကြောင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို ကျေးဇူးတင်တဲ့အနေနဲ့ အထူးကြပ်မတ်ခန်းကနေ တ‌ယောတီးပြခဲ့တယ်လို့ သိရပါတယ်။

အဲဒီကိုဗစ်လူနာက စကားပြောလို့မရတဲ့အတွက် သူ့ကို စောင့်ကြည့်ပေးနေတဲ့သူနာပြုနဲ့ ဆက်သွယ်တဲ့အခါ ဘောပင်နဲ့စာရွက်ကို အသုံးပြုပါတယ်။ သူက အဲဒီသူနာပြုကို စာရေးပြီး တယောတီးချင်ကြောင်း တောင်းဆိုခဲ့တာပါ။ “ကျွန်မ တာဝန်ကျနေတဲ့အချိန်မှာ ငါ ဆေးရုံမှာ တယောတကယ်တီးချင်တယ်။ ငါ့အမျိုးသမီးကို တယောယူလာခိုင်းရင် ဘယ်လိုလဲဆိုပြီး စာထဲမှာရေးထားတာပါ” လို့ သူနာပြု စီယာရာ ဆာစီက ပြောပါတယ်။ စီယာရာလည်း ဆရာဝန်တွေဆီက ခွင့်ပြုချက်တောင်းပြီး ကိုဗစ်လူနာရဲ့ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ပါတယ်။ သူ တယောတီးနေတဲ့အချိန်မှာ စီယာရာက အခန်းထဲမှာ နေပေးခဲ့ပြီး သူ့အခြေအနေကို စောင့်ကြည့်ပေးခဲ့ပါတယ်။

ဂရိုဗာ တယောတီးတဲ့အချိန်မှာ သူနာပြုစီယာရာ မျက်ရည်ကျခဲ့ရပါတယ်။ ဆေးရုံမှာရှိတဲ့ဝန်ထမ်းတွေအားလုံးအတွက် အသက်ရှုပိုက်တပ်လျက် တယောတီးနေတဲ့လူနာကို မြင်ရတာ မယုံကြည်နိုင်ဖြစ်ခဲ့ရတယ်။ ဂရိုဗာက အရမ်း နေမကောင်းဖြစ်နေပေမဲ့ တယောကိုတော့ တီးနိုင်နေတုန်းပါပဲ။ တယောက သူ့အတွက် အရမ်းအဓိပ္ပာယ်ရှိတယ်ဆိုတာ ဝန်ထမ်းတွေအားလုံးမြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ အထူးကြပ်မတ်ခန်းက ဝန်ထမ်းတွေက ဂရိုဗာရဲ့အခန်းရဲ့တံခါးပေါက်နားမှာ တယောတီးတာကို နားထောင်ပေးဖို့အတွက် စုဝေးခဲ့ကြတာပါ။ ဂရိုဗာ အရမ်းနေမကောင်းမဖြစ်ခင်က ခဏခဏ တီးနိုင်ခဲ့တယ်လို့ ဆေးရုံက ပြောပါတယ်။

ဆရာဝန်နဲ့သူနာပြုတွေကို ကျေးဇူးတင်တဲ့အနေနဲ့ တယောတီးပြချင်တဲ့အတွက် သူ့ရဲ့တယောကို ယူလာပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဂရိုဗာရဲ့ဇနီးဒီယားနာက ပြောပါတယ်။ သူတို့စုံတွဲက အောက်တိုဘာလအစောပိုင်းက တစ်ချိန်တည်းမှာပဲ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတာပါ။ ဒီယားနာက အိမ်မှာပဲ ကိုဗစ်ရောဂါလက္ခဏာတွေကို ကျော်လွှားနိုင်ခဲ့ပေမဲ့ ဂရိုဗာကတော့ သူ့ရဲ့အဆုတ်ထိ ဗိုင်းရပ်စ်ကရောက်သွားခဲ့တယ်လို့ ဒီယားနာက ပြောပြပါတယ်။ ပြီးခဲ့တဲ့အပတ်က ဂရိုဗာကို အထူးကြပ်မတ်ခန်းကို မပြောင်းခင် အသက်ရှုစက်နဲ့ တစ်လနေခဲ့ရတယ်လို့ ဆိုပါတယ်။ ဂရိုဗာဟာ ကျန်းမာရေးတော်တော်လေး ကောင်းမွန်နေပေမဲ့ အသက်ရှုစက်တပ်ထားရတုန်းပါပဲ။

ဆေးရုံကို ဧည့်သည်မလာရဘူးလို့ တားမြစ်ထားတာကြောင့် သူ့ခင်ပွန်းကို လာမတွေ့နိုင်ဘူး။ ဒါပေမဲ့ မှန်ပြတင်းပေါက်ကနေတော့ အချင်းချင်းမြင်တွေ့နိုင်တယ်လို့ ဒီယားနာကပြောပါတယ်။ “ကျွန်မတို့ ပြတင်းပေါက်အပြင်ဘက်မှာ ရပ်လို့ရပြီး သူ့ကို ဖုန်းနဲ့စကားပြောလို့ရတယ်။ ဂရိုဗာ စကားပြောလို့မရပေမဲ့ စာရေးလို့တော့ရတယ်”လို့ ဒီယားနာက ဆိုပါတယ်။ ဒီယားနာက ခရစ်စမတ်စ်ရာသီမှာ ဂရိုဗာ အိမ်မှာ ရှိနေမယ်လို့ ယုံကြည်နေပါတယ်။

Ref: CNN “An intubated Covid-19 patient played the violin in the ICU to thank health care workers”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top