ရော့ဘ်မူလတန်းကျောင်းပစ်ခတ်မှုအတွင်း အသက်ရှင်ကျန်ရစ်ခဲ့တဲ့ကျောင်းသူ ၂ ဦးကို Kid Hero Award ဆု ချီးမြှင့်

7.4.2023-yyl-iamge-4.jpg

မီယာချ် ဆာရီလ် (မျက်မှန်နဲ့တစ်ယောက်) နဲ့ ခါလိုအီ တိုရက်စ်

တက္ကဆက်ပြည်နယ်၊ ယူဗယ်ဒီမြို့က ရော့ဘ်မူလတန်းကျောင်းထဲ အစုလိုက်အပြုံလိုက်ပစ်ခတ်ခံရမှုအတွင်း ၉၁၁ ကို ဖုန်းခေါ်ဆိုခဲ့တဲ့ အသက် ၁၁ နှစ်အရွယ် ကျောင်းသူ ၂ ဦးကို 2023 Texas Public Safety Conference ပွဲအခမ်းအနားမှာ Kid Hero Award ဆု ချီးမြှင့်ခဲ့ပါတယ်။ အဲ့ဒီပွဲကို National Emergency Number Association (NENA) နဲ့ The Association of Public Safety Communications Officials (APCO) တို့ပူးပေါင်းပြုလုပ်ခဲ့တာပါ။

ရော့ဘ်မူလတန်းကျောင်းပစ်ခတ်မှုအပြီး ၁ နှစ်နီးပါးအကြာမှာ အသက်ရှင်လွတ်မြောက်ခဲ့တဲ့ ကျောင်းသူလေး ၂ ဦးကို အခုလိုဂုဏ်ပြုဆုချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် မေလ ၂၄ ရက်နေ့က ရော့ဘ်မူလတန်းကျောင်းပစ်ခတ်မှုအတွင်း ကလေး ၁၉ ဦးနဲ့ ဆရာမ (၂) ဦး သေဆုံးခဲ့တာပါ။ မီယာချ် ဆာရီလ်လို နဲ့ ခါလိုအီ တိုရက်စ် ဆိုတဲ့ အဲ့ဒီကျောင်းသူ ၂ ဦးက သူတို့ရဲ့သူငယ်ချင်းတွေနဲ့ ဆရာမတွေ အသတ်ခံနေရတဲ့ စာသင်ခန်း ၁၁၂ အတွင်းကနေ ရဲတွေကို ဖုန်းဆက်ခေါ်ခဲ့တာပါ။

Kid Hero Award ဆုက ပုံမှန်ဆိုရင် ကလေးတစ်ဦးကိုပဲ ပေးလေ့ရှိပေမဲ့ ဆာရီလ်လိုနဲ့ တိုရက်စ်တို့နှစ်ဦးလုံးကို အသိအမှတ်ပြုဖို့အတွက် အခုနှစ်မှာ ခြွင်းချက်အနေနဲ့ ကလေး ၂ ဦးကို ချီးမြှင့်ခဲ့တယ်လို့ NENA အဖွဲ့အစည်းရဲ့ဥက္ကဌ စင်ဒီ မက်ခရောက ပြောပါတယ်။ ပစ်ခတ်မှုအတွင်း ၉၁၁ ကို ဖုန်းခေါ်လိုက်တဲ့လုပ်ဆောင်ချက်က ဆာရီလ်တိုနဲ့ တိုရက်စ်တို့အတွက် သူတို့ကိုယ်ကို ကယ်တင်လိုက်နိုင်ရုံသာမက အခြားသူတွေရဲ့အသက်ကိုလည်း ကယ်တင်လိုက်နိုင်ခဲ့တယ်လို့ စင်ဒီက ဆိုပါတယ်။

“သူတို့ ၉၁၁ ကို ဖုန်းခေါ်ဖို့ သတိရတယ်ဆိုတဲ့အချက်က ကြီးကျယ်တဲ့ ကိစ္စပါပဲ။ သူတို့ ဒီဖြစ်ရပ်ကို ကြုံတွေ့နေရလို့ မတုန်မလှုပ်ဖြစ်နေလို့ရတယ်။ အရာအားလုံးပြီးသွားတဲ့အထိ သူတို့စောင့်လို့ရတယ်။ အဲ့ဒီနောက်မှာ ဖုန်းခေါ်တာ (ဒါမှမဟုတ်) တစ်စုံတစ်ယောက်ရောက်လာတာကို စောင့်နေလို့ရတယ်။ ဒါပေမဲ့ သူတို့ ကြောက်လန့်တုန်လှုပ်မနေဘဲ ဖုန်းခေါ်ခဲ့တယ်။ အဲ့ဒါက သူရဲကောင်းဆန်တယ်”လို့ စင်ဒီက ပြောပါတယ်။

ဆုပေးပွဲမတိုင်ခင်က စင်ဒီဟာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ကျောင်းသူ ၂ ဦးနဲ့ အဲ့ဒီနေ့က သူတို့ဆီကနေ ၉၁၁ ရဲ့ဖုန်းလက်ခံဖြေကြားခဲ့သူကြား တွေ့ဆုံမှုလုပ်ပေးခဲ့ပါတယ်။ သီးသန့်တွေ့ဆုံတာဖြစ်တာကြောင့် ကျောင်းသူလေးတွေနဲ့ သူတို့ရဲ့မိသားစုအတွက် လေးနက်တဲ့အတွေ့အကြုံတစ်ခုဖြစ်ခဲ့ပါတယ်။
ABC သတင်းဌာနဟာ တိုရက်စ် ၉၁၁ ကို ဖုန်းခေါ်တဲ့ အသံဖိုင်ကို မိဘတွေရဲ့ခွင့်ပြုချက်နဲ့ ဖေဖော်ဝါရီလက ထုတ်လွှင့်ခဲ့ပါတယ်။ အသံဖိုင်မှာ တိုရက်စ်က 911 ဖုန်းအော်ပရေတာကို စာသင်ခန်းထဲ ရဲတွေကို လွှတ်ပေးဖို့ ပြောနေတာပါ။ “ကျေးဇူးပြုပြီး မြန်မြန်လာပေးပါ၊ လူတွေအများကြီး သေနေပြီ။ ကျေးဇူးပြုပြီး သမီး သေတော့မယ်”တဲ့။

Ref: Uvalde student survivors receive Kid Hero Award honor

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top