ကျွန်မနှင့် ဟန်ဆောင်အမှားများ

man-surprising-woman-looking-at-telephone-PP4V9U3.jpg

မတောင်းပန်တတ်ခဲ့ဘူး။ ဟုတ်ပါတယ် … ကျွန်မဘယ်တုန်းကမှ မတောင်းပန်ခဲ့ဖူးပါဘူး။ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တဲ့အမှားတွေ၊ သိသိလျက်နဲ့ မှားမိခဲ့တာတွေအတွက် တစ်ဘက်လူကို ကျွန်မ မတောင်းပန်နိုင်ပါဘူး။ ကျွန်မအမေက ကျွန်မ မကြာခဏ အပြင်ထွက်တတ်တာကို မကြိုက်ပါဘူး။ အလုပ်ကိစ္စဖြစ်ဖြစ်၊ ကျောင်းကိစ္စဖြစ်ဖြစ်၊ အဆိုးဆုံးကတော့ သူငယ်ချင်းတွေနဲ့ သွားတဲ့အခါမျိုးပေါ့။

ဒီလိုသွားတတ်တာကို သူပြန်သိတဲ့အခါမျိုးဆို ကျွန်မကို အရမ်းစိတ်ဆိုးတော့တာပါပဲ။ သူလိုချင်တာ ကျွန်မနောက်ခါ ဒီလို မသွားတော့ပါဘူးဆိုတဲ့ ကတိပေါ့။ သူ့ကို အသိမပေးဘဲ သွားမိတာကို တောင်းပန်ခိုင်းတာမျိုးပေါ့။ နိုးပါ။ ကျွန်မ မလုပ်နိုင်ပါဘူး။ ကျွန်မသွားနေဦးမှာပဲ။ သွားမယ့်အကြောင်းကိစ္စတွေ ပေါ်လာနေဦးမှာပဲ။ ဒီအမှားမျိုးကို ကျွန်မ ထပ်ကျူးလွန်ဦးမှာပဲ။ ဒီအရာတွေအတွက် ကျွန်မ မတောင်းပန်နိုင်ပါဘူး …။

မနက်ဖြန်တွေ့ဖို့ ပြောထားတဲ့ သူငယ်ချင်းကို အိမ်အပြင်ထွက်ဖို့ ပျင်းတာတစ်ခုထဲနဲ့ မလာနိုင်တော့ကြောင်း ဒီညပြောတဲ့အခါ မတောင်းပန်နိုင်ပါဘူး။ ကိုယ်က ရည်ရွယ်ချက်ရှိရှိ မှားတဲ့အမှားအတွက် တစ်ဘက်လူဆီက ‘ရပါတယ်။ နောက်တစ်ခါပေါ့ကွာ” ဆိုတဲ့ အားတုံ့အားနာစကားကို မလိုချင်ပါဘူး။ အောင့်သိအောင့်သက်နဲ့ပေးတဲ့ ဟန်ဆောင် ခွင့်လွှတ်မှုတွေကို ကျွန်မ မလိုချင်ပါဘူး။

သိုပေမဲ့ ကျွန်မ အမြဲတမ်းကြားနေရတာတွေကတော့ ဟန်ဆောင် တောင်းပန်မှုတွေပါပဲ။ ကျွန်မ အမုန်းဆုံးသော ဟန်ဆောင် တောင်းပန်မှုတွေကိုပါ။ ဘာလုပ်မှာလဲ … တစ်ဘက်လူအပေါ် ရည်ရွယ်ချက်ရှိရှိ မှားထားပြီးကာမှ နောက်တစ်ခေါက် ဟန်ဆောင် မတောင်းပန်နိုင်တော့ပါဘူး။ ဒါဟာ သူ့ကို နှစ်ခါသတ်လိုက်တာနဲ့ အတူတူပါပဲ။ ကိုယ်တိုင်လည်း အမှားနှစ်ခုကို တစ်ပြိုင်နက်တည်း ကျူးလွန်လိုက်တာပါ။

လူတွေဟာ အကြောင်းအရာတစ်ခုကို မတောင်းပန်ခင်မှာ ဘယ်လိုတာဝန်ကျေအောင် လုပ်ရမလဲလို့ မတွေးတတ်ကြပါဘူး။ တောင်းပန်လိုက်ရင် ငါ့တာဝန်ကျေပြီလို့ တွေးတတ်ကြပါတယ်။ ကိုယ် တာဝန်မယူနိုင်တဲ့အရာကို တစ်ဘက်လူက မျှော်လင့်နေတာ သူ့အပိုင်းပါ။ ကိုယ်ဘက်က ကိုယ် တာဝန်မယူနိုင်ကြောင်း ပွင့်ပွင့်လင်းလင်းပြောတတ်ဖို့ပဲ လိုပါတယ်။ အစကတည်းက ရှင်းရှင်းလင်းလင်း လုပ်ထားနိုင်ရင် ပြောထားနိုင်ရင်တော့ အကောင်းဆုံးပေါ့။ သိသိလျက်နဲ့ ကျူးလွန်ပြီးကာမှ တောင်းပန်တယ်ဆိုတာ တစ်ဘက်လူကို ပိုလို့ မလေးစားရာကျပါတယ်။

ဆိုလိုချင်တာက လောကကြီးမယ် တောင်းပန်လိုက်ရုံနဲ့ပြီးမသွားတဲ့ ကိစ္စတွေအများကြီးရှိသလို မရေရာတဲ့ မျှော်လင့်ချက်တွေ၊ ဟန်ဆောင် တောင်းပန်မှုတွေနဲ့ သင့်အပေါ်ထားတဲ့ တစ်ဘက်လူရဲ့ အချိန်တွေ၊ ယုံကြည်မှုတွေနဲ့ စိတ်ရင်းတွေကို မဖျက်ဆီးပစ်လိုက်ပါနဲ့။

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top