ပါရာဂွေးနိုင်ငံ အကျဉ်းထောင်ကနေ အကျဉ်းသား ၇၅ ယောက် ထွက်ပြေးလွတ်မြောက်

yyl-014-12.jpg

ဘရာဇီးနိုင်ငံနယ်စပ်နားက ပါရာဂွေးနိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ အကျဉ်းထောင်ကနေ အကျဉ်းသား ၇၅ ယောက် ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ အကျဉ်းထောင် အစောင့်အကြပ်တွေက အကျဉ်းသား တော်တော်များများကို ထောင်ဘူးဝကနေ အေးအေးဆေးဆေး ထွက်သွားခွင့်ပေးခဲ့သလားလို့ အာဏာပိုင်တွေက သံသယရှိနေပါတယ်။ ဥမင်လိုဏ်ခေါင်းတစ်ခု ရှာဖွေတွေ့ရှိခဲ့ပေမဲ့ အဲဒီဥမင်လိုဏ်ခေါင်းက အကျဉ်းသားတွေ ထွက်ပြေးလွတ်မြောက်တဲ့ဖြစ်ရပ်မှာ ဟန်ပြတစ်ခုလောက်ပဲ ဖြစ်နိုင်တယ်လို့ အရာရှိတွေက ပြောပါတယ်။ ထွက်ပြေးလွတ်မြောက်သူ ဒါဇင်ပေါင်းများစွာက ဘရာဇီးနိုင်ငံရဲ့ အကြီးဆုံးရာဇဝတ်ဂိုဏ်းဖြစ်တဲ့ First Command of the Capital(PPC)ဂိုဏ်းသားတွေ ဖြစ်ပါတယ်။ ဆော်ပေါ်လိုမြို့အခြေစိုက် PPC ဂိုဏ်းမှာ ဂိုဏ်းသား ၃၀၀၀၀ နီးပါးရှိပြီး မူးယစ်ဆေးဝါးနဲ့ လက်နက်ကုန်ကူးမှုတွေမှာ ပါဝင်လှုပ်ရှားလေ့ရှိပါတယ်။ PPC ဂိုဏ်းဟာ ဘရာဇီးနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ပါရာဂွေး၊ ဘိုလစ်ဗီးယား၊ ကိုလံဘီယာနိုင်ငံတွေတစ်ဝိုက်မှာ လှုပ်ရှားပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ပါရာဂွေးနိုင်ငံ အရှေ့ပိုင်း ပက်ဒရိုဟွန်ကာဘယ်လာရိုမြို့ အကျဉ်းထောင်ဝင်းအတွင်း စစ်ဆေးကြည့်ရှုရာမှာ PPC ဂိုဏ်းသားတွေကို ထိန်းသိမ်းထားတဲ့ အကျဉ်းထောင် အဆောင်တစ်ခုလုံး အကျဉ်းသားတစ်ယောက်မျှ မရှိတော့တာ တွေ့ရှိခဲ့ပါတယ်။ အကျဉ်းထောင် အခန်းတစ်ခုထဲမှာတော့ သဲအိတ် ၂၀၀ လောက် တွေ့ရှိခဲ့ပါတယ်။ အကျဉ်းသားတစ်ယောက်ကတော့ ဥမင်လိုဏ်ခေါင်းထဲကနေ ထွက်ပြေးဖို့ ကြိုးစားချိန်မှာ အဖမ်းခံခဲ့ရပါတယ်။ ဒီဖြစ်ရပ်မှာ အကျဉ်းထောင်အရာရှိတွေ ပါဝင်နေတယ်ဆိုတာ ထင်ရှားတယ်လို့ ပြည်ထဲရေးဝန်ကြီး အဆီဗီဒိုက ပြောပါတယ်။

ထောက်လှမ်းရေးသတင်းအချက်အလက်တွေအရ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အကျဉ်းသား အဖွဲ့ငယ်လေးတွေကို ထွက်ပြေးခွင့်ပေးခဲ့တယ်လို့ ယူဆရကြောင်း အဆီဗီဒိုက ပြောပါတယ်။ အကျဉ်းထောင်ဒါရိုက်တာက လုပ်သက်ခွင့်ယူထားချိန်မှာ အကျဉ်းသားတွေ ထွက်ပြေးလွတ်မြောက်ခဲ့တာပါ။ အကျဉ်းထောင်အရာရှိအားလုံးကို ရာထူးက ထုတ်ပယ်ပြီး ဖမ်းဆီးဖို့ တရားရေးဝန်ကြီးက ညွှန်ကြားထားတယ်လို့ လာနေစီယွန်သတင်းဌာနက ဖော်ပြပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top