ONE Championship နှင့် Global Citizen တို့၏ ၂ နှစ်တိုင်တိုင် လက်တွဲလျှောက်ခဲ့ကြသည့်လမ်း

Global-Citizen-IMG_8735-1200x800-1.jpg

အာရှ၏ အခမ်းနားဆုံး ကိုယ်ခံပညာ အားကစား ပြိုင်ပွဲကြီးများကို ကျင်းပနေသည့် ONE Championship သည် ရိုးသားဖြောင့်မတ်မှု၊ လူသားဆန်မှု၊ ဂုဏ်သိက္ခာရှိမှု၊ မိမိကိုယ်ကိုလေးစားမှု၊ ရဲစွမ်းသတ္တိ၊ စည်းကမ်းရှိမှုနှင့် စာနာမှုဟူသည့် လူ့ကျင့်ဝတ် တန်ဖိုးများကို အလေးထားသည့် အဖွဲ့အစည်း တစ်ခု ဖြစ်သည်။ ယင်းတို့ထဲမှ လူသားဆန်မှု ဆိုသည့် တန်ဖိုးအတွက် ၎င်းတို့ အဖွဲ့အစည်း ကိုယ်တိုင် အပြင် အခြားသော နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုဖြစ်သော Global Citizen နှင့်လည်း ပူးပေါင်းကာ အကျိုးပြု လုပ်ငန်းများ လုပ်ဆောင်လျက် ရှိသည်။ ၂ဝ၁၈ ဇန်နဝါရီမှ စတင်ပူပေါင်းခဲ့ကြသည် ၎င်းတို့ အဖွဲ့အစည်း နှစ်ခုသည် ယခုဆိုလျှင် ၂ နှစ်တာ ကာလ အတွင်းသို့ ရောက်ရှိလာ ခဲ့ပြီဖြစ်သည်။

Global Citizen ဆိုတာ ဘာလဲ

အမေရိကန် နိုင်ငံ၊ နယူးယောက် မြို့တွင် ရုံးချုပ် အခြေစိုက်သည့် Global Citizen သည် ၂ဝ၃ဝ ခုနှစ်တွင် ဆင်းရဲမွဲတေမှု ပပျောက်ရေး ဟူသည့် ရည်မှန်းချက်ဖြင့် လုပ်ဆောင်နေသည့် လှုပ်ရှားမှု တစ်ခုဖြစ်သည်။ ယင်းအဖွဲ့ကို ၂ဝဝ၈ ခုနှစ် တွင် Hugh Evans, Simon Moss နှင့် Wei Soo တို့ သုံးဦး ပူးပေါင်းကာ တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ကနေဒါ၊ တောင်အာဖရိက၊ သြစတြေးလျ၊ ဂျာမနီနှင့် ဗြိတိန်တို့ တွင်လည်း ရုံးခွဲများ ရှိသည်။ ၎င်းတို့ အဖွဲ့၏ လုပ်ဆောင်ပုံမှာ လူအများ၏ အသံများကို စုစည်း၍ ဆင်းရဲ မွဲတေမှု ပပျောက်ရေး လုပ်ငန်းစဉ်များကို တာဝန်ရှိသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန် လုပ်ဆောင်ခြင်း ဖြစ်သည်။

Global Citizen အဖွဲ့အနေဖြင့် ကလေးသူငယ် လက်ထပ်မှု ပပျောက်ရေး၊ အမျိုးသမီးများ ပိုင်ဆိုင်သော လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ ကလေးများအာဟာရ ရန်ပုံငွေ တိုးမြှင့်ပေးရေး၊ ရေနှင့် သန့်ရှင်းရေး ပိုမိုတိုးမြှင့် အတိုးပြုနိုင်ရေး၊ ပညာရေးရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ ပိုလီယို ကာကွယ်ဆေးများ လုံလောက်စွာ ရရှိရေး၊ ဒုက္ခသည်များ ပြန်လည် နေရာ ချထားရေး၊ ရေသတ္တဝါများ အတွက် ခိုလှုံစရာ ဖန်တီးရေး၊ မျိုးပွားမှု အခွင့်အရေး အတွက် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရေး အစရှိသည့် လုပ်ငန်းများ ဖြစ်သည်။

အဆိုပါ လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် လူအများကို ပါဝင်တောင်းဆိုစေပြီး စုပေါင်းလက်မှတ်ရေးထိုးသည့် လှုပ်ရှားမှု ပုံစံမျိုးဖြင့် လုပ်ဆောင်သည်။ ယင်းသို့ ပါဝင်လက်မှတ် ရေးထိုးပေးသူများသည် ဆုအဖြစ် တေးဂီတဖျော်ဖြေပွဲများ၊ အားကစားပွဲများ အတွက် ဝင်ခွင့်လက်မှတ်များ ပြန်လည်ပေးအပ်သည်။ ၂ဝ၁၂ ခုနှစ်မှ စတင်ကာ Global Citizen Festival ဟု အမည်ပေးထားသည့် ဂီတ ဖျော်ဖြေပွဲကို ကမ္ဘာကျော် အဆိုတော်များ၊ သရုပ်ဆောင်များနှင့် အခြား နာမည်ကြီး အနုပညာရှင်များ လာရောက် ဖျော်ဖြေလေ့ ရှိသည်။

ONE Championship နှင့် ပူးပေါင်းမှု

ONE Championship နှင့် Global Citizen တို့သည် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလတွင် စတင်ပူးပေါင်းဆောင်ရွက်ကြောင်း တရားဝင် ထုတ်ပြန် ကြေညာခဲ့ပြီး ဇန်နဝါရီ ၂၆ ရက်က မနီလာမြို့တွင် ကျင်းပသည့် ONE: Global Superheroes ပြိုင်ပွဲတွင် သဘောတူ လက်မှတ် ရေးထိုးခဲ့သည်။ Global Citizen သည် ONE Championship ပြိုင်ပွဲတိုင်းတွင် ၎င်းတို့ အမှတ်တံဆိပ် ပါဝင်ခွင့်ရသလို ONE Championship ကစားသမားများကလည်း Global Citizen ၏ ပညာရေး၊ အစားအစာ ဘေးကင်းရေး၊ အစာအာဟာရ ဖူလုံရေး၊ ကျန်းမာရေး၊ ကျားမ ခွဲခြားမှု ပပျောက်ရေး စသည့် လုပ်ငန်းများတွင် ပါဝင်ကူညီခဲ့သည်။

“Global Citizen လိုပဲ ONE Championship ကလည်း ကမ္ဘာ့အကြီးမားဆုံး စိန်ခေါ်မှုတွေကို အတူတကွ ပူးပေါင်းဖြေရှင်း ကြဖို့ လူတွေကို စည်းရုံးနိုင်အောင် ရည်မှန်းချက်ထားပါတယ်။ ကျွန်တော်တို့ရဲ့ ကစားသမားတွေကလည်း အရှုံးမပေး ကြံ့ကြံ့ခိုင်တဲ့ စိတ်ဓာတ်နဲ့ ဆင်းရဲ မွဲတေတဲ့ ဘဝတွေကနေ ကိုယ်ခံပညာနဲ့ ဖြတ်သန်းတက်ရောက် လာကြသူတွေ ဖြစ်လို့ တစ်ကမ္ဘာလုံးက လူသန်းပေါင်းများစွာအတွက် အားကျအတုယူစရာ ဖြစ်စေပါတယ်။ ၂ဝ၁၈ ခုနှစ် အတွင်း ကျွန်တော်တို့ တိုက်ရိုက် ထုတ်လွှင့်တဲ့ ပြိုင်ပွဲပေါင်း ၂၄ ပွဲ ကနေတဆင့် ONE Championship နဲ့ Global Citizen တို့ဟာ လူ့အဖွဲ့အစည်းကို အကျိုးရှိစေမယ့် လှုပ်ရှားမှုတွေ လုပ်ဆောင်နိုင်ဖို့ ရည်မှန်းထားပါတယ်”ဟု ONE Championship ဥက္ကဌ Chatri Sityodtong က ပြောကြားခဲ့သည်။

Global Citizen ကို ပူးပေါင်း တည်ထောင်သူ Wai Soo ကလည်း “ONE Championship ဟာ ဒေသတွင်းက လူငယ်သန်းပေါင်း များစွာထံ ပြန့်နှံ့ရောက်ရှိနေတာဖြစ်လို့ သူတို့နဲ့ ချိတ်ဆက်ပြီး တစ်ကမ္ဘာလုံးကို သက်ရောက်မှုရှိမယ့် လုပ်ငန်းတွေ လုပ်လို့ရပါတယ်။ ၂ဝ၁၂ ခုနှစ်မှာ Global Citizen လှုပ်ရှားမှု စတင်ကတည်းက လူပေါင်း ၁၃ သန်းလောက် ပါဝင်လှုပ်ရှားခဲ့ကြပြီး နောက်ထပ်လည်း အများကြီး ထပ်လုပ်ကြဖို့ကို စိတ်အားထက်သန် နေပါတယ်။ ကျွန်တော်တို့ရဲ့ ပူးပေါင်းမှုကနေ ကမ္ဘာ့အဆင်းရဲဆုံး လူတွေအပေါ် သက်ရောက်မှုတွေ တိုးမြှင့်နိုင်တော့မှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

ONE ၏ လူစွမ်းကောင်းများ ပါဝင်ကူညီမှု

ONE Championship ကစားသမားများသည် Global Citizen ၏ သံတမန်များအဖြစ် ဒေသတွင်း နိုင်ငံများတွင် လူမှုအကျိူးပြု လုပ်ငန်းများ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ ထင်ရှားသည့် ဖြစ်ရပ်များမှာ ONE Championship ၏ အမျိုးသမီး အက်တမ်ဝိတ်တန်း ချန်ပီယံ Angela Lee၊ ဟဲဗီးဝိတ်တန်း ချန်ပီယံ Brandon Vera နှင့် လိုက်ဝိတ်တန်း ချန်ပီယံဟောင်း Eduard Folayang တို့သည် ၂ဝ၁၈ နှစ်ဆန်းပိုင်းက ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၏ ဆင်းရဲသားရပ်ကွက် တစ်ခုဖြစ်သော Tondo အရပ်ရှိ Smokey Mountain ရပ်ကွက်သို့ သွားရောက်ခဲ့ကြသည်။ ၎င်းတို့သည် လူငယ်များကို ပညာရေးဖြင့် ဆင်းရဲတွင်းမှ ဆွဲထုတ်နိုင်ရေး ဆောင်ရွက်နေသည့် Young Focus အဖွဲ့ပညာသင်ပေးနေသည့် ကလေးငယ်များကို စိတ်ဓာတ် မြှင့်တင်ပေးမှုများနှင့် အမှတ်တရ လက်ဆောင်များ ပေးခဲ့သည်။

ထို့ပြင် မစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ် ဝိတ်တန်းနှစ်ခု ချန်ပီယံ အောင်လအန်ဆန်နှင့် ၂ဝ၁၆ ဖယ်သာဝိတ်တန်း တံခွန်စိုက် ပြိုင်ပွဲ ချန်ပီယံ “ဘူရှီဒို” ဖိုးသော် တို့သည် Myanmar Mobile Education Project – myME စီမံကိန်းသို့ သွားရောက်ခဲ့ ကြသည်။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်နေသည့် ကလေးများအား ပညာသင်ကြားပေးနေသည့် ယင်းစီမံကိန်းကို ၂ဝ၁၈ ခုနှစ်တွင် တစ်ကြိမ်၊ ၂ဝ၁၉ ခုနှစ်တွင် တစ်ကြိမ် နှစ်ကြိမ်တိုင်တိုင် သွားရောက်ခဲ့ပြီး ကလေးများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ စိတ်ဓာတ် မြှင့်တင် အားပေးခဲ့ကြသည်။ မလေးရှား ကစားသမား Agilan Thani နှင့် အမျိုးသမီးကိုယ်ခံပညာရှင် Ann Osman တို့သည်လည်း ၂ဝ၁၈ မတ်လ အတွင်းက မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့ရှိ Sekolah Bimbingan Jalinan Kasih ဂေဟာသို့ သွားရောက်ကာ အိမ်ခြေယာခြေမဲ့ လမ်းပေါ်မှ ကလေးများကို တွေ့ဆုံအားပေးခဲ့ကြသည်။

ထိုင်းနိုင်ငံမှ ONE Championship ကစားသမား စုံတွဲဖြစ်သည့် Shannon Wiratchai နှင့် Rika Ishige တို့သည်လည်း ဘန်ကောက်မြို့ရှိ မသန်စွမ်းသည့် ကလေးငယ်များကို စောင့်ရှောက်ထားသည့် The Hubsaidek Center ဂေဟာ သို့ သွားရောက်ကာ ကလေးငယ်များ စိတ်ဓာတ် တက်ကြွစေမည့် စကားများကို ပြောပေးခဲ့ကြသည်။ အင်ဒိုနီးရှားမှ Priscilla Hertati Lumban Gaol နှင့် Stefer Rahardian တို့သည်လည်း ဂျာကာတာ မြို့မှ လူငယ် စောင့်ရှောက်ရေးဂေဟာ တစ်ခုသို့ သွားရောက်ခဲ့ကြသေးသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top