လေပန်ကာက အပူဒဏ်ကို တကယ်လျော့ပါးစေသလား

68678980_2222079721251273_5684097051105689600_n.jpg

အပူဒဏ်ကိုခံစားလာရတဲ့အခါ အေးမြမှုကိုခံစားရစေဖို့ အဲကွန်းတွေ၊ ပန်ကာတွေက မရှိမဖြစ်လိုအပ်တဲ့အရာတွေပါ။ အဲကွန်းက ပိုအသုံးဝင်ပေမဲ့ ငွေကြေး စွမ်းအင် စတဲ့လိုအပ်ချက်တွေကြောင့် နေရာတိုင်းမှာလူတိုင်းစေ့သုံးနိုင်တာမဟုတ်ပါဘူး။ ဒါကြောင့် လေပန်ကာတွေက ဒုတိယရွေးချယ်စရာဖြစ်လာပြီး အသုံးပြုမှုများလာခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းနဲ့ အမေရိကန်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနတွေကတော့ လေပန်ကာတွေက အပူချိန် (၉၀) ဒီဂရီဖာရင်ဟိုက်ကျော်အခြေအနေမျိုးမှာ အပူဒဏ်ကိုသက်သာစေခြင်းမရှိနိုင်ကြောင်း သတိပေးပြောကြားလိုက်ပါတယ်။

အပူချိန်အညွှန်းကိန်း (အပူချိန်နဲ့ စိုထိုင်းဆနှစ်မျိုးပေါင်း) ၉၉ ဒီဂရီဖာရင်ဟိုက်အထက်ကိုရောက်လာရင် အပူဒဏ်သက်သာစေဖို့ ပန်ကာတွေသုံးရုံနဲ့ မလုံလောက်နိုင်တော့ကြောင်း မှတ်ချက်ပေးခဲ့ကြပါတယ်။

ဆစ်ဒနီတက္ကသိုလ်က ဆေးသိပ္ပံပညာပါမောက္ခ အိုလစ်ဂျေး (Ollie Jay) နဲ့ အဖွဲ့က ကျန်းမာရေးကောင်းမွန်တဲ့ လူ (၁၂) ယောက်ကို အပူချိန်အခြေအနေ (၂) မျိုး (ခြောက်သွေ့တဲ့အပူချိန်အညွှန်းကိန်း ၁၁၅ ဒီဂရီဖာရင်ဟိုက်/ ၄၆ ဒီဂရီစင်တီဂရိတ်နဲ့ စိုစွတ်တဲ့အပူချိန်အညွှန်းကိန်း ၁၃၃ ဒီဂရီဖာရင်ဟိုက်/၅၆ ဒီဂရီစင်တီဂရိတ်) မှာ (၂) နာရီကြာအောင်နေစေပြီး လေ့လာစမ်းသပ်ခဲ့ကြပါတယ်။ အဲဒီနောက် စမ်းသပ်မှုမှာပါဝင်ကြသူတွေရဲ့ အပူချိန်၊ နှလုံးအလုပ်လုပ်ပုံ၊ သွေးဖိအား၊ ရေဓာတ်ဆုံးရှုံးမှုနဲ့ သူတို့အဆင်ပြေပြေနေထိုင်နိုင်တဲ့အပူချိန်ပမာဏတွေကို မှတ်တမ်းတင်ခဲ့ကြပါတယ်။

ဒီအခါမှာ ပန်ကာလေက ပူနွေးစိုစွတ်တဲ့အပူချိန်မျိုးမှာ ကိုယ်တွင်းအပူချိန် နှလုံးရဲ့ အပူထုတ်လွှတ်မှုတွေကိုလျော့ကျစေပြီး အပူဒဏ်ခံစားရမှုကိုပိုသက်သာလာစေကြောင်းတွေ့ခဲ့ရကာ ခြောက်သွေ့ပူလောင်တဲ့အခြေအနေမျိုးမှာတော့ ဆန့်ကျင်ဘက်အခြေအနေတွေဖြစ်လာစေတာကိုတွေ့ရှိခဲ့ကြပါတယ်။ တစ်နည်းအားဖြင့်တော့ ပန်ကာလေဟာ အပူချိန်ညွှန်းကိန်းမြင့်မားတဲ့အခြေအနေမှာပဲ အအေးဓာတ်ကိုပေးစွမ်းနိုင်တာမျိုးပါ။

ပါမောက္ခ အိုလစ်ဂျေးက “ခြောက်သွေ့ပူလောင်တဲ့အခြေအနေမှာ လေရဲ့အပူချိန်က အရေပြားအပူချိန်ထက်များနေရင် ခန္ဓာကိုယ်နဲ့ လေအကြားမှာအပူပြောင်းအရွှေ့ဖြစ်ပေါ်လာပြီး လေပူတွေက ခန္ဓာကိုယ်ဆီရောက်ရှိလာတာပါ။ အသားတွေကို မိုက်ခရိုဝေ့ဖ်မီးဖိုနဲ့ကင်တဲ့အခါမျိုးမှာ ပန်ကာဖွင့်ထားရင် ပိုမြန်မြန်ကျက်သလိုပေါ့။ စိုထိုင်းဆရှိနေခဲ့ရင် ပန်ကာလေကြောင့် အအေးဓာတ်ကိုခံစားရစေဖို့ ပိုလွယ်ကူနိုင်ပြီး ချွေးထွက်နေတုန်းလေတိုက်ခံရင် ပိုအေးတာကလည်း ဒီသဘောပါပဲ” လို့ ရှင်းပြခဲ့ပါတယ်။

“လူအတော်များများအနေနဲ့ ဒီလိုသိပ္ပံနည်းကျအခြေအနေတွေကို သိရှိထားမှုနည်းပါးပြီး အပူဒဏ်ခံစားရမှုပြဿနာကလည်း ဆက်လက်ရှိနေဦးမှာပါ။အဲကွန်းနဲ့ ပန်ကာအပြင် အပူဒဏ်ကိုလျော့ပါးစေနိုင်တဲ့တခြားနည်းလမ်းတွေက အများကြီးရှိပါသေးတယ်” လို့ ဂျေးက ဆိုခဲ့ပါတယ်။

Ref: TIME “Feeling the Heat? Here’s When Fans Can Help—and When They Don’t”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top