ကင်ဆာရောဂါသည်မောင်လေးကို ဂရုစိုက်စောင့်ရှောက်ပေးနေတဲ့ (၅) နှစ်သမီး

yyl11919041.jpg

တက္ကဆက်ပြည်နယ်၊ ပရင်စတန်က Kaitlin Burge လို့ အမည်ရတဲ့မိခင်တစ်ဦးဟာ သူတို့မိသားစုအတွက် ခက်ခဲကြမ်းတမ်းလှတဲ့အခိုက်အတန့်တွေကိုပြသနိုင်တဲ့ဓာတ်ပုံတချို့ကို လူမှုကွန်ရက်ပေါ်မှာမျှဝေဖို့ အတွေးရခဲ့ပါတယ်။ ဒါကြောင့် သားသမီးငယ်လေးတွေကို ရိုက်ကူးထားတဲ့ဓာတ်ပုံတချို့ကို အွန်လိုင်းပေါ်မျှဝေခဲ့ရာမှာ အသက် (၅) နှစ်အရွယ် သမီးငယ်ဖြစ်သူ Aubrey Burge က သွေးကင်ဆာရောဂါသည် (၄) နှစ်သားမောင်ငယ်လေး Beckett ကို ကြင်ကြင်နာနာဂရုစိုက်ပေးနေတဲ့ပုံတွေက မြင်ရသူတွေကို ကြည်နူးထိခိုက်သွားစေခဲ့ပါတယ်။

Beckett လေးက အသက် (၂) နှစ်အရွယ်မှာ သွေးကင်ဆာဝေဒနာကို စတင်ခံစားခဲ့ရလို့ ဓာတ်ရောင်ခြည်ကုထုံးနဲ့ ကုသမှုခံယူနေခဲ့ရတာပါ။ သူအော့အန်တဲ့အခါမျိုးမှာ ကျောကိုဖိနှိပ်ပေးဖို့နဲ့ သူ့အတွက် အားပေးနှစ်သိမ့်တဲ့စကားတွေပြောပေးဖို့အတွက် သူ့ရဲ့အစ်မဖြစ်သူ (၅) နှစ်သမီး Aubrey က အနားမှာ အမြဲအဆင်သင့်ရှိနေခဲ့ပါတယ်။ Aubrey ဟာ Beckett ထက် (၁၄) လပဲပိုကြီးတာဖြစ်ပေမဲ့လည်း မောင်ငယ်ဖြစ်သူကို လက်ဆေးပေးတာ၊ ဆိုဖာဆီတွဲပို့ပေးတာတွေအပြင် မိဘတွေသန့်ရှင်းရေးလုပ်ရင်လည်း ဝိုင်းဝန်းကူညီပေးပါသေးတယ်။

“ကျွန်မတို့က ဘာတွေဖြစ်နေတယ်ဆိုတာကိုတောင် ပေးမသိချင်ပေမဲ့ Aubrey က သူ့မောင်လေးအိမ်ပြန်ရောက်လာတဲ့အချိန်တိုင်းမှာ ‘သူဘာလို့ မကစားတာလဲ၊ ဘာလို့အကြာကြီးအိပ်နေတာလဲ၊ ဘာလို့ရေချိုးခန်းကိုအမြဲတွဲပို့နေရတာလဲ’ စသဖြင့် စူးစမ်းနေတတ်ပါတယ်။ Beckett ဘာဖြစ်နေလဲလို့ သူသေသေချာချာမသိပေမဲ့လည်း သူနေမကောင်းဖြစ်တုန်းကမှတ်မိထားသမျှကို Beckett အတွက် ပြုစုပေးနေတော့တာပဲ” လို့ Kaitlin ကပြောပြပါတယ်။

သူ့ကို သူငယ်ချင်းတွေနဲ့သွားကစားဖို့ ခွင့်ပြုထားပေမဲ့လည်း Aubrey က လုံးဝသွားမကစားဘဲ အိမ်မှာပဲနေပြီး မောင်ဖြစ်သူကို စောင့်ရှောက်ပေးနေတာပါ။ တခြားကလေးတွေနဲ့ အပြင်မှာသွားဆော့ကစားနေရမယ့်အရွယ်မှာ အခုလို မိသားစုဝင်တွေအတွက် သိတတ်ပြီးကူညီပေးနေတဲ့ Aubrey အတွက် မိဘတွေက ပီတိဖြစ်ဂုဏ်ယူနေကြပါတယ်။

“သူတို့လေးတွေကို အတူတူမြင်နေရချိန်တိုင်း ကျွန်မအတွက် ဝမ်းနည်း ဝမ်းသာ ခံစားချက်မျိုးဖြစ်ရပါတယ်” လို့ Kaitlin ဖွင့်ဟပါတယ်။

Beckett အနေနဲ့ နောက်ထပ် (၂) နှစ်လောက်ကြာတဲ့အထိ ကုသမှုတွေခံယူရဖို့ရှိတယ်လို့ ဆရာဝန်တွေကဆိုထားပြီး အဲဒီအချိန်တွေမှာ သူ့ကိုဖေးမကူညီပေးဖို့ကိုတော့ အစ်မဖြစ်သူ Aubrey နဲ့ မိသားစုဝင်အားလုံးက အသင့်ရှိနေကြပါပြီ။

Ref: Insider “Heartbreaking photos show a 5-year-old girl comforting her little brother, 4, as he suffers with chemotherapy”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top