ONE: Immortal Triumph ပြိုင်ပွဲကြီးမှ စိတ်လှုပ်ရှားဖွယ်ရာ အကောင်းဆုံး အခိုက်အတန့် ၅ ခု

onechampion.jpg

ဗီယက်နမ် နိုင်ငံတွင် ပထမဆုံးကျင်းပသော ONE Championship ပြိုင်ပွဲကြီးဖြစ်သည့် ONE: Immortal Triumph ကို ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်က ဟိုချီမင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။ ဘန်တန်ဝိတ်တန်း မွေထိုင်းကမ္ဘာ့ချန်ပီယံ စိန်ခေါ်ပွဲအပါအဝင် ထိတ်ထိတ်ကြဲ မွေထိုင်းနှင့် Kickboxing တွဲဆိုင်း ၁၄ တွဲ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အဆိုပါ ပြိုင်ပွဲကြီးမှ ရင်ခုန် စိတ်လှုပ်ရှား ဖွယ်ရာ အကောင်းဆုံး အခိုက်အတန့်များ အကြောင်း ရွေးချယ်တင်ဆက် လိုက်ပါသည်။

(၁) Nong-O ၏ ခက်ခက်ခဲခဲ ချန်ပီယံ ကာကွယ်ခဲ့ရမှု

ONE ဘန်တန်ဝိတ်တန်း မွေထိုင်းကမ္ဘာ့ ချန်ပီယံ Nong-O Gaiyanghadao နှင့် စိန်ခေါ်သူ အယ်ဂျီးရီးယားသား Brice “The Truck” Delval တို့ပွဲက ပြိုင်ပွဲ၏ အဓိကတွဲဆိုင်း ပီသစွာ တစ်ပွဲလုံး ရင်ခုန်စိတ်လှုပ်ရှားဖွယ် အခိုက်အတန့် ဖြစ်ခဲ့သည်။ Nong-O သည် ယခုပွဲကို ဒုတိယမြောက် ချန်ပီယံ ကာကွယ်ပွဲ အဖြစ် ကစားခဲ့ခြင်း ဖြစ်ပြီး Delval ကတော့ အတွေ့အကြုံ နုသေးသည့် လူငယ်ကစားသမား ဖြစ်သဖြင့် အနိမ့်ပြိုင်ဘက်အဖြစ် ထင်မှတ်ခံခဲ့ရသူ ဖြစ်သည်။ တကယ်တမ်း ကြိုးဝိုင်းထဲတွင် ရင်ဆိုင်ရသည့် အခါတွင်တော့ Delval သည် အဘယ်ကြောင့် ကမ္ဘာ့ချန်ပီယံကို ငယ်ငယ်ရွယ်ရွယ်နှင့် စိန်ခေါ်ခွင့်ရခဲ့သူဖြစ်လာသည် ဆိုခြင်းကို အလုပ်ဖြင့် သက်သေပြ နိုင်ခဲ့သည်။

ယခုပွဲတွင် အရပ်အမောင်းနှင့် ခြေဆံလက်ဆံ အားသာသည့် Delval သည် Nong-O ကို ယင်းအားသာချက်ဖြင့် ဒုက္ခပေး နိုင်ခဲ့ပြီး သာမန် အတွေ့အကြုံ နည်းသည့် ပြိုင်ဘက်မျိုး ဆိုလျှင် ယင်းအခြေအနေကို ကျော်လွှားနိုင်ခဲ့မည် မဟုတ်ပေ။ သို့သော် မွေထိုင်း ပွဲပေါင်း ၃ဝဝ ကျော် ကစားထားသည့် ဝါရင့် ကစားသမား Nong-O က Delval ၏ အားသာချက်ကို ၎င်း၏ လျင်မြန်မှုနှင့် ခွန်အား အသုံးချကာ ပြန်လည်ချေဖျက် ပြခဲ့ပြီး Nong-O ၏ ပြင်းထန်သော ခြေကန်ချက်များက Delval ကို အထိနာစေခဲ့သည်။ ထို့ကြောင့် ပွဲအပြီးတွင် ဒိုင်တစ်ဦးက Delvel ကို အသာပေး ခဲ့သော်လည်း ကျန်နှစ်ဦးက Nong-O ကို အနိုင်ပေးသဖြင့် ချန်ပီယံ ခါးပတ်ကို ဆက်လက် ထိန်းသိမ်း နိုင်စေခဲ့သည်။

(၂) အိမ်ကွင်းတွင် ပြိုင်ဘက်ကို အလဲထိုးခဲ့သည့် Duy Nhat

ဟိုချီမင်းမြို့ခံ ပရိသတ်များ၏ ရှေ့မှောက်တွင် ဗီယက်နမ်သား “No.1” Nguyen Tran Duy Nhat က ပြိုင်ဘက် မလေးရှားသား Azwan Che Wil ကို တတိယ အချီတွင် အလဲထိုးလိုက်ခြင်း ကလည်း Phu Tho မိုးလုံလေလုံ အားကစားရုံကြီး ပွင့်ထွက် သွားမတတ် ပရိသတ်များ အော်ဟစ် အားပေးခဲ့ကြသည့် စိတ်လှုပ်ရှားဖွယ် အခိုက်အတန့် တစ်ခုဖြစ်သည်။ ယင်းပွဲတွင် Azwan သည် အိမ်ရှင် ပရိသတ် အချစ်တော် ကစားသမားကို အကောင်းဆုံး ပြန်လည်တုံ့ပြန် နိုင်ခဲ့ပြီး ပွဲအစပွဲအဆုံး တောက်လျှောက် ဖိအားပေး ခြိမ်းခြောက် နိုင်ခဲ့သဖြင့် ၎င်းအလဲထိုး ခံရသည့်အခါ ယခုကဲ့သို့ ပရိသတ်များ ဝက်ဝက်ကွဲ အောင်ပွဲခံခဲ့ခြင်း ဖြစ်သည်။

Duy Nhat သည် ဒုတိယအချီတွင် Azwan ၏ ဦးခေါင်းကို အမြင့်ကန်ချက်ဖြင့် ထိထိမိမိ ကန်ကာ ကြမ်းပြင်ပေါ် လှဲသိပ်ခဲ့သေး သော်လည်း သန်မာသော Azwan က အချိန်မီ ပြန်ထလာခဲ့ပြီး ဆက်လက်ရင်ဆိုင် နိုင်ခဲ့သည်။ နောက်ဆုံး အချီအထိ ပြိုင်ဘက် နှစ်ဦးစလုံး အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး ပွဲပြီးရန် ၁၅ စက္ကန့်ခန့် အလိုတွင်မှ Duy Nhat ၏ ညာဝိုက်လက်သီးက Azwan ၏ မေးရိုးကို မိမိရရ ထိုးနှက်နိုင်ခဲ့သဖြင့် ကြမ်းပေါ်မှောက်သွား ခဲ့ခြင်း ဖြစ်သည်။ ယင်းလက်သီးချက်ကြောင့် Azwan သတိလစ် မေ့မျောသည့် အခြေအနေ မျိုးအထိ ဖြစ်ခဲ့သဖြင့် အရေးပေါ် ဆေးကုသခဲ့ရသည် ကိုလည်း တွေ့ရသည်။

(၃) ပထမအချီတွင် အဖြေပေါ်ခဲ့သည့် ဝိတ်တန်းအမြင့်ဆုံးပွဲ

ယခုပြိုင်ပွဲ၏ ဝိတ်တန်း အမြင့်ဆုံးပွဲ ဖြစ်သော ဘရာဇီး ကစားသမား Anderson “Braddock” Silva နှင့် ရုရှားကစားသမား Beybulat Isaev တို့၏ လိုက်ဟဲဗီးဝိတ် Kickboxing တွဲဆိုင်းကလည်း ပထမအချီတွင်ပင် အကြိတ်အနယ် ယှဉ်ပြိုင်ကာ အလဲထိုး ရလဒ်ဖြင့် ပြီးဆုံးခဲ့ခြင်းကြောင့် ပရိသတ်များ စိတ်လှုပ်ရှား ခဲ့ရသည့် အခိုက်အတန့် တစ်ခုဖြစ်ခဲ့သည်။ ဗီယက်နမ် ပရိသတ်များ အနေဖြင့် ပွဲချိန် တစ်ချီပြည့်အောင် မကြည့်ခဲ့ရသည့်တိုင် ဘရာဇီး Kickboxing သမား လူထွားကြီး Silva ၏ ပြင်းထန်သော လက်သီးချက်များ အကြောင်းကို မျက်မြင် တွေ့မြင်ခွင့် ရခဲ့ကြသည်။

ယင်းပွဲ အစောပိုင်းတွင် Isaev က ပိုမို အသာစီးရခဲ့ပြီး ၎င်း၏ လက်သီးချက် များက Silva ကို ကောင်းစွာ ခြိမ်းခြောက်နိုင် ခဲ့သည်။ သို့သော် ပွဲချိန်ကြာလာ လေလေ Silva က ပွဲကို ပိုစီးမိလာလေလေ ဖြစ်လာခဲ့ပြီး ၎င်း၏ အဓိက အားသာချက် ဖြစ်သော် ပြင်းထန်လွန်းသည့် ညာလက်သီး ချက်များ ဒဏ်ကို Isaev အလူးအလဲ ခံခဲ့ရသည်။ ပထမ အချီ ပြီးခါနီးတွင် ကစားသမား နှစ်ဦး လူချင်းပူးသွား ခဲ့ချိန်၌ Silva က ဒူးတိုက်ချက် တစ်ချက်နှင့် ဘယ်ညာ လက်သီးတွဲလုံး တစ်တွဲ ထိုးနှက်ခဲ့ရာ Isaev မူးဝေယိုင်ထွက် သွားခဲ့ပြီး နောက်ထပ် နားထင်ကို နှစ်ချက် အထိုးခံလိုက် ရသည့်အချိန်တွင် ဆက်ထိုးရန် မစွမ်းနိုင်တော့ဘဲ ရှုံးနိမ့်သွား ခဲ့ခြင်း ဖြစ်သည်။

(၄) အိမ်ရှင် ပရိသတ်၏ မေတ္တာကို ခံယူခဲ့သည့် Bi Nguyen

အမျိုးသမီးများ ဖြစ်သော်လည်း လက်သီးချက်များ မြိုင်မြိုင်ဆိုင်ဆိုင်နှင့် သွေးသံ တရဲရဲ ယှဉ်ပြိုင် ခဲ့ကြသည့် ဗီယက်နမ် ကစားသမား Bi “Killer Bee” Nguyen နှင့် အိန္ဒိယ ကစားသမား Puja “The Cyclone” Tomar တို့ ပွဲကလည်း ပရိသတ်များ ရင်ခုန် စိတ်လှုပ်ရှားဖွယ် အခိုက်အတန့် တစ်ခုဖြစ်သည်။ အထူးသဖြင့် ဗီယက်နမ်မြေတွင် မွေးဖွားခဲ့သူ ဖြစ်သော်လည်း တိုင်းတပါးတွင် နှစ်ပေါင်းများစွာ အခြေချ နေထိုင်ခဲ့ရသည့် Nguyen အတွက် အမိမြေ၏ ရင်ခွင်ကို ပြန်လည်ခိုလှုံကာ နိုင်ငံကို ဂုဏ်တက်စေမည့် အနိုင်ရလဒ်ကို ယူဆောင်ပေးနိုင် ခဲ့ခြင်းက ဖော်မပြနိုင် လောက်သည့် ဝမ်းသာ ဂုဏ်ယူမှုမျိုးကို ဖြစ်ပေါ်စေခဲ့သည်။

ယင်းပွဲသည် ပွဲစခေါင်းလောင်းတီးကတည်းက ကစားသမား နှစ်ဦး မခိုမကပ် နောက်မတွန့်ဘဲ အပြိုင်အဆိုင်ထိုးသတ်ခဲ့ကြခြင်းက ပရိသတ် များကို ရင်သပ်ရှုမော ဖြစ်စေခဲ့သည်။ ဘယ်သန် ကစားသမား Tomar သည် ၎င်း၏ လျင်မြန်သော ကန်ချက်များဖြင့် Nguyen ကို တားဆီးရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ အနီးကပ် ဝင်လာသည့် Nguyen ၏ လက်သီး တွဲလုံးများက ပွဲကိုအဆုံးအဖြတ် ပေးခဲ့ခြင်း ဖြစ်သည်။ ဝူရှူး ကစားသမားဟောင်း Tomar ထက် မွေထိုင်း ကစားသမားဟောင်း Nguyen က ပိုမို ထိမိအောင် တိုက်ခိုက် နိုင်ခဲ့ကာ ပွဲပြီးခါနီး လက်သီးချက် တစ်ချက်က Tomar ၏ နဖူးကို သွေးများပင် ဖြာခနဲ ထွက်သွားစေ ခဲ့သည်။ ထို့ကြောင့် ပွဲအပြီးတွင် ဒိုင် ၂ ဦးက Nguyen ကို အနိုင်ပေးခဲ့ခြင်း ဖြစ်သည်။

(၅) အမြန်ဆုံးအလဲထိုးစံချိန်ရှင် Momotaro

ယခုပြိုင်ပွဲတွင် ONE Championship ၏ Super Series တွဲဆိုင်းများ သမိုင်းတွင် အမြန်ဆုံးစံချိန်သစ် တစ်ခုကို တင်နိုင်ခဲ့သည်။ ယင်းစံချိန်မှာ ဂျပန်ကစားသမား Kohei “Momotaro” Kodera က ထိုင်းကစားသမား Singtongnoi Por Telakun ကို ပွဲချိန် ၄၁ စက္ကန့် အတွင်း အလဲထိုး အနိုင်ယူနိုင် ခဲ့သည့် စံချိန်ဖြစ်သည်။ ဝါရင့်ကစားသမားကြီး Singtongnoi အတွက်တော့ ယခုကဲ့သို့ မြန်မြန်ဆန်ဆန် ပွဲသိမ်းခံရမှုမှာ ၎င်း၏ ကစားသမား ဘဝတစ်လျှောက် အဆိုးဆုံး ရလဒ်တစ်ခုလည်း ဖြစ်ခဲ့သည်။

Momotaro သည် အမှန်တကယ်တမ်း ၄၁ စက္ကန့် ဆိုသည့် အချိန်ပင် မကြာခဲ့ဘဲ Singtongnoi ကို အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ပွဲချိန် ၁၆ စက္ကန့်တွင်ပင် ၎င်း၏ ပတ်တံတောင် ရိုက်ချက်က ပြိုင်ဘက်ကို ဟန်ချက်ပျက် ယိမ်းယိုင်သွားစေ ခဲ့ပြီး ဆက်တိုက် ဆိုသလိုပင် ဘယ်ညာ လက်သီးချက်၊ ဒူးတိုက်ချက်များ တရစပ် လိုက်ပါကာ ပွဲချိန် ၃ စက္ကန့်တွင် Singtongnoi ကို ကြမ်းပြင်ပေါ် လဲကျသွား စေခဲ့သည်။ သို့သော် Singtongnoi က ပြန်ထရန် ကြိုးစားခဲ့သေးပြီး ဒိုင်လူကြီး အမှတ်စဉ် ရေတွက်မှု ခံနေရချိန်တွင် မဟန်နိုင်တော့ဘဲ နောက်သို့ ပစ်လဲကျပြန် သဖြင့် ပွဲကိုရပ်တန့်ကာ Momomtaro ကို အနိုင်ပေးခဲ့ခြင်း ဖြစ်သည်။

ONE: Century Part I နှင့် Century Part II ကို လာမည့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲကြီးသည် ကိုယ်ခံပညာသိုင်းပေါင်းစုံ ပြိုင်ပွဲသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးနှင့် အခမ်းနားဆုံးပြိုင်ပွဲကြီးဟု ဆိုနိုင်သလို ကိုယ်ခံပညာရပ်ပေါင်းစုံတွင် ကျင်လည်ကျက်စားလျက်ရှိသည့် ကမ္ဘာ့ချန်ပီယံ ၂၈ ဦးအထိ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top