အင်တာဗျူးမှာ ဝတ်ဆင်ရန် အဝတ်အစားများ ခိုးနေသည့်လူငယ်ကို ဖမ်းမိခဲ့ပြီး အဝတ်အစား ဝယ်ပေးခဲ့တဲ့ ရဲသား

GT_police_pkg_848x480_1019427907774.jpg

ကနေဒါနိုင်ငံ တိုရွန်တိုမြို့ (Toronto) ရှိ ဝေါမတ်စတိုးတစ်ခုမှာ အသက် ၁၈ နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ ဈေးဝယ်ရန်ဟန်ဆောင်ရင်း အလုပ်အင်တာဗျူးမှာ ဝတ်ဆင်ရန်လိုအပ်တဲ့ ရှပ်အင်္ကျီ၊ နက်ကတိုင်နဲ့ ခြေအိတ်တစ်စုံကို ခိုးယူဖို့ ကြိုးစားနေတဲ့ အချိန်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။

နယ်မြေခံရဲတပ်ဖွဲဖြစ်သူ နီရမ် ဂျီရမ်နီဆမ် (Niran Jeyanesan) အဝတ်အစား ခိုးယူဖို့ကြိုးစားခဲ့သူလူငယ်လေးရဲ့ ဇာတ်ကြောင်းကိုကြားခဲ့ရပြီးချိန်မှာ လူငယ်လေးအတွက် စိတ်မကောင်းဖြစ်သွားခဲ့ပြီး သူ့အတွက် လိုအပ်နေတဲ့အဝတ်အစားတွေကို ဝယ်ယူပေးခဲ့ပါတယ်။

အဝတ်အစားများကို ခိုးယူဖို့ ကြိုးစားခဲ့တဲ့ကောင်လေးဟာ ကြင်နာတတ်တဲ့ ရဲအရာရှိနဲ့ တွေ့ဆုံခဲ့တဲ့အတွက် အခုချိန်မှာတော့ အဖမ်းမခံခဲ့ရဘဲ အလုပ်အင်တာဗျူးအောင်မြင်ခဲ့ပြီး နောက်တစ်ပတ် တနင်္လာနေ့ မှာ အလုပ်စဆင်းရတော့မှာ ဖြစ်တယ် လို့ရဲသား နီရမ် ဂျီရမ်နီဆမ် ကဖွင့်ဟခဲ့ပါတယ်။ တနင်္ဂနွေနေ့မှာ ဝေါမတ်စတိုးဆိုင် မန်နေဂျာက ထိုကောင်လေး အဝတ်အစားခိုးယူဖို့ ကြိုးစားနေစဉ်ဖမ်းမိခဲ့လို့ ရဲအရာရှိ ဂျီရမ်နီဆမ်ကို အကြောင်းကြားခဲ့တာဖြစ်ပြီး ဂျီရမ်နီဆမ် ရောက်လာခဲ့တဲ့အချိန်မှာ ကောင်လေးရဲ့အခက်အခဲတွေကို ကြားခဲ့ပြီးနောက်မှာ သူရဲ့ကိုယ်ပိုင်ငွေနဲ့ ကောင်လေးအတွက် အဝတ်အစားဖိုးရှင်းပေးခဲ့တာလည်း ဖြစ်ပါတယ်။

ဂျီရမ်နီဆမ်က ကနေဒါ CP24 သတင်းဌာနကို “ ကောင်လေးက နောက်တနင်္လာနေ့ဆို အလုပ်စဆင်းရတော့မှာပါ။ နောက်ဆုံးတော့ သူဟာ ရှပ်အင်္ကျီနဲ့  နက်ကတိုင်ကို လိပ်ပြာပြာသန့်သန့် ဝတ်ဆင်နိုင်ပြီလို့ ကျွန်တော်ကိုလာပြောတော့ ကျွန်တော် တကယ်ဝမ်းသာရပါတယ်။ သူ့ရဲ့မိသားစုကလည်း အခက်အခဲနဲ့ ကြုံနေရတဲ့အတွက် အလုပ်ရဖို့ ကြိုးစားရင်း ကြံမိကြံရာ ကြံမိသွားတာပါ။ အခုတော့လည်း ကောင်လေး ဟာ သူ့ရဲအမှားကို သူသိနေပါပြီ” လို့ ပြောဆိုခဲ့ပါတယ်။

ဂျီရမ်နီဆမ် ရဲ့လက်အောက်မှ ရဲတပ်ကြပ်ကြီးဖြစ်သူ ပေါလ် ဘီအောစ် (Paul Bois)ကလည်း ဂျီရမ်နီဆမ် ရဲ့ အပြုအမူကို ချီးကျူးခဲ့ပြီး “အသက် ၁၈ လောက် ကလေးတစ်ယောက်ကို ဖမ်းဆီးနိုင်တာကို ဘယ်သူမှလည်း စိတ်မဝင်စားပါဘူး။ ကောင်လေး ကျူးလွန်မိခဲ့တဲ့ အမှားတစ်ခုကို ရဲအရာရှိက ကူညီဖြေရှင်းပေးခဲ့တာပါ။ ကျွန်တော်တို့ လူမှုပတ်ဝန်းကျင် ပိုမိုကောင်းမွန်လိုတယ်ဆိုရင် ဒီလို လူကောင်းသူကောင်းတွေရှိဖို့လိုအပ်ပါတယ် ” လို့ BBC နဲ့တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့ပါတယ်။

Ref : BBC News : Toronto shoplifter gets job after policeman bought him interview shirt

ယွမ်းစည် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top