ဘက်စုံသုံး အက်ပလီကေးရှင်းတစ်ခုဖြစ်လာစေရန် Viber တွင် လုပ်ဆောင်ချက်အသစ်များ ထည့်သွင်းမည်

17-10-2022-yyl-41.jpg

Rakuten Viber အား ပိုမိုပြီးပြည့်စုံမှုရှိသော ဘက်စုံသုံး အက်ပလီကေးရှင်းတစ်ခု ဖြစ်လာစေရန် လုပ်ဆောင်ချက် အသစ်များနှင့်အတူ အဆင့်မြှင့်တင်မှုများ ပြုလုပ်သွားမည်ဟု လက်ရှိ Rakuten Viber ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Ofir Eyal မှ ပြောသည်။ ပုံမှန် စာတိုပေးပို့ခြင်းနှင့် ဖုန်းခေါ်ဆိုခြင်း ဝန်ဆောင်မှုပိုင်းဆိုင်ရာများတွင်သာမက အထူးသဖြင့် Fintech (နည်းပညာအခြေပြု ဘဏ္ဍာရေး ဝန်ဆောင်မှု) ကဏ္ဍပိုင်းဆိုင်ရာ လုပ်ဆောင်ချက် အသစ်များကိုလည်း Viber အက်ပလီကေးရှင်းတွင် ရရှိအသုံးပြု နိုင်စေရန် ရည်ရွယ်လုပ်ဆောင်သွားမည် ဖြစ်သည်။

Viber အနေနှင့် အက်ပလီကေးရှင်းမှတဆင့် ငွေပေးချေခြင်း ဝန်ဆောင်မှုအား ကမ္ဘာတစ်ဝန်းတွင် မိတ်ဆက်သွားရန် ဆောင်ရွက်လျက်ရှိပြီး အသုံးပြုသူများအနေနှင့် Viber ပလက်ဖောင်းအား ၎င်းတို့၏ ကိုယ်ပိုင် ဒစ်ဂျစ်တယ် ပိုက်ဆံအိတ် တစ်ခု အဖြစ် အသုံးပြုသွားနိုင်မည် ဖြစ်သည်။ ငွေလွှဲပြောင်းမှုအပြင် ငွေပေးချေမှုများပါ ပြုလုပ်နိုင်မည့် အဆိုပါ ဒစ်ဂျစ်တယ် ပိုက်ဆံအိတ်များ အား ဘဏ်အကောင့်များ အပြင် Visa နှင့် Mastercard များဖြင့်လည်း ချိတ်ဆက်ထားနိုင်မည် ဖြစ်ပြီး အခြားသူများထံ ငွေလွှဲခြင်း၊ ထုတ်ကုန်များ ဝယ်ယူခြင်းနှင့် ဘေလ်ပေးဆောင်ခြင်းများအား အလွယ်တကူ လုံခြုံစိတ်ချမှု အပြည့်ဖြင့် လုပ်ဆောင်သွားနိုင်မည် ဖြစ်သည်။


ဤဝန်ဆောင်မှု၏ ကနဦး ခြေလှမ်းအဖြစ် တစ်ဦးမှတစ်ဦးသို့ ငွေလွှဲနိုင်မည့် ဝန်ဆောင်မှုအား အခမဲ့ စတင်ပေးအပ်သွားရန် စီစဉ်ထားပြီး ယခုလက်ရှိတွင် ဂျာမနီနှင့် ဂရိနိုင်ငံများ၌ အသုံးပြုနိုင်ပြီ ဖြစ်သည်။ အစောပိုင်းကာလများ၌ Viber အနေနှင့် အဆိုပါ ဈေးကွက် ၂ ခုမှ အသုံးပြုသူများ၏ အကြုံပြုချက်များ အပေါ်မူတည်၍ အဆိုပါဝန်ဆောင်မှုအား ဆက်လက် အဆင့်မြှင့်တင်သွားမည် ဖြစ်ကာ ထိုနောက်တွင်မှ အခြားသော ကမ္ဘာတစ်ဝန်းမှ ဈေးကွက်များတွင် မိတ်ဆက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

“စိန်ခေါ်မှုတွေ ရှိနေတဲ့ကြားကနေ ကုမ္ပဏီရဲ့ ရည်မှန်းချက်၊ ရည်ရွယ်ချက် တွေကို ရရှိပိုင်ဆိုင်နိုင်အောင် တစ်စိုက် မတ်မတ် ကြိုးစားလုပ်ဆောင်ပေးကြတဲ့ Team တစ်ခုလုံးကို ဦးဆောင်ခွင့်ရရှိတဲ့ အတွက် Rakuten Viber ရဲ့ CEO တစ်ယောက်အနေနဲ့ တစ်ကယ့်ကို ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ဒါ့အပြင် ပိုမိုကောင်းမွန်တဲ့ အသုံးပြုမှု အတွေ့အကြုံသစ်တွေနဲ့အတူ ဘက်စုံအသုံးပြုနိုင်တဲ့ အက်ပလီကေးရှင်းတစ်ခု အဖြစ်တည်ဆောက်တဲ့ အခါမှာလည်း Viber ရဲ့ မြင့်မားတဲ့ စံချိန်စံနှုန်းတွေ၊ ဆန်းသစ်တီထွင်မှုတွေကို ဆက်လက်ထိန်းသိမ်းပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ Viber ကို ဒီနေ့လိုမျိုး အခြေအနေ ရောက်လာစေဖို့အတွက် ကူညီဆောင်ရွက်ပေးခဲ့ကြတဲ့ အဖွဲ့သားတွေ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရှိကြောင်း ပြောကြားပါရစေ” ဟု Mr. Eyal မှ ပြောကြားသွားခဲ့ပါသည်။ “ကုမ္ပဏီအတွက်ရော အသုံးပြုသူတွေအတွက်ရော ကျွန်တော့်အနေနဲ့ အကောင်းဆုံး ဆက်လက် ကြိုးစားသွားမှာပါ။ အနာဂတ်မှာ စိန်ခေါ်မှုတွေ ရှိလာနိုင်ပေမယ့် ကျွန်တော်တို့ Viber အနေနဲ့ ပိုမိုကောင်းမွန်တဲ့နည်းပညာတွေနဲ့ လုပ်ဆောင်ချက်တွေကို ဆက်လက်ထည့်သွင်း အဆင့်မြှင့်တင်သွားနိုင်ဖို့ စဉ်ဆက်မပြတ် ရည်သန်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

Rakuten Viber ၏ အမှုဆောင်အရာရှိချုပ်အဖြစ် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် သြဂုတ်လတွင် စတင်တာဝန်ယူခဲ့သည့် Ofir Eyal သည် Rakuten Viber တွင်လုပ်သက် ၈ နှစ်ကျော် အတွေ့အကြုံရှိသူ တစ်ဦးဖြစ်ပြီး အဆိုပါကာလများအတွင်း Viber အား ကမ္ဘာတစ်ဝန်းမှ အသုံးပြုသူများ၏ နံပါတ်တစ် ဆက်သွယ်ပြောဆိုမှု အက်ပလီကေးရှင်းတစ်ခု အဖြစ် ရပ်တည်လာ နိုင်စေရန် အဓိက စွမ်းဆောင်ပေးခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ ပြီးခဲ့သည့် ၈ နှစ်ကျော် ကာလများတွင် Rakuten Viber ၏ Vice President of Product ရာထူးနှင့် Chief Operating Officer ရာထူးများတွင် တာဝန်ယူခဲ့သူ Ofir Eyal အနေနှင့် အသုံးပြုမှု အတွေ့အကြုံပိုမို ကောင်းမွန်လာစေရန်၊ ဈေးကွက်တစ်ခုချင်းစီနှင့် ကိုက်ညီမှု ရှိသော Content အကြောင်းအရာ ဖန်တီးမှုများ ပြုလုပ်ရန်နှင့် အခြားသော အရေးပါသည့် ကဏ္ဍများတွင် အဓိက တာဝန်ယူ လုပ်ဆောင်ပေးနိုင်ခဲ့သည်။

ပြီးခဲ့သည့်လအနည်းငယ်အတွင်း Viber သည် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ချိတ်ဆက်ပြောဆိုနိုင်သည့် လုပ်ဆောင်ချက် များအပြင် အသုံးပြုမှုပိုင်းဆိုင်ရာ အတွေ့အကြုံများ ပိုမိုကောင်းမွန်လာစေရန် အတွက် စီးပွားရေးနှင့် ဖျော်ဖြေရေးပိုင်း ဆိုင်ရာ လုပ်ဆောင်ချက်များကိုလည်း အက်ပလီကေးရှင်း အတွင်း ထပ်မံထည့်သွင်းပေးခဲ့သည်။ ယခုလက်ရှိတွင်လည်း Viber ၏ အမှုဆောင် အရာရှိချုပ် Mr.Eyal သည် Viber အက်ပလီကေးရှင်းအား ယခုထက် ပိုမိုပြီးပြည့်စုံမှု ရှိလာစေရန် ဦးစားပေး ဆောင်ရွက်လျက်ရှိပြီး တစ်ချိန်တည်းမှာပင် ဈေးကွက် ချဲ့ထွင်မှုများကိုလည်း အားစိုက်လုပ်ဆောင်လျက် ရှိသည်။ လတ်တလောတွင် ၎င်းသည် စီးပွားရေး အခွင့်အလမ်းအသစ်များအား ရှာဖွေလျက်ရှိပြီး ဆက်သွယ်ပြောဆိုမှု အက်ပလီကေးရှင်း ကဏ္ဍတွင် ဦးဆောင်သူ တစ်ဦးအဖြစ် ဆက်လက်ရပ်တည်သွားနိုင်စေရန် ဆောင်ရွက်လျက် ရှိသည်။

APAC (အာရှပစိဖိတ်ဒေသ) သည် Viber အသုံးပြုမှု အမြင့်မားဆုံးသော ဒေသများအနက် တစ်ခု အပါအဝင်ဖြစ်ပြီး နှစ်စဉ် အသုံးပြုသူပေါင်း ၂၀% ကျော် မြင့်တက်လျက်ရှိသည့်အတွက် ဤဒေသတွင်း ဈေးကွက်များနှင့် ကိုက်ညီမှု အရှိဆုံးသော ပူးပေါင်းဆောင်ရွက်မှု များနှင့် ပရောဂျက်များကိုလည်း Viber မှ အထူးအလေးထား ဆောင်ရွက်လျက် ရှိသည်။ သို့ဖြစ်၍ Viber အနေနှင့် အာရှ ပစိဖိတ်ဒေသများတွင် ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ပြုလုပ်သွားမည့်အပြင် နိုင်ငံတစ်နိုင်ငံချင်းစီ အလိုက် အသုံးပြုသူ ပမာဏ ပိုမိုများပြားလာစေရန်အတွက် အကျိုးကျေးဇူး အရှိဆုံးနှင့် သင့်တော်မှု အရှိဆုံး ပူးပေါင်းဆောင်ရွက်မှုများ၊ နည်းဗျူဟာများ နှင့် ဝန်ဆောင်မှုများကိုလည်း ဆက်လက်လုပ်ဆောင် သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း Rakuten Viber သည် အသုံးပြုသူများ၏ စီးပွားရေးလုပ်ငန်းများ စီမံခန့်ခွဲခြင်းနှင့် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ ဆက်သွယ်ပြောဆိုခြင်းတို့အား ထိထိရောက်ရောက်နှင့် လုံခြုံစိတ်ချမှု အပြည့်ဖြင့် ဆောင်ရွက် နိုင်သည့် လူသုံးအများဆုံးနှင့် ယုံကြည်စိတ်ချရမှု အရှိဆုံး စာတိုပေးပို့ရေး အက်ပလီကေးရှင်းတစ်ခု အဖြစ် ရပ်တည် လျက်ရှိသည်။ ယမန်နှစ် (၂၀၂၁ ခုနှစ်) နှင့် နှိုင်းယှဥ်ပါက ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်း မြန်မာနိုင်ငံတွင် MyNote အသုံးပြုသူ ပမာဏ ၆၄%၊ အုပ်စုဖွဲ့ပြောဆိုခြင်း (Group Message) အား အသုံးပြုသူ ပမာဏ ၄၃%၊ အုပ်စုဖွဲ့ ဗွီဒီယိုကောလ်ခေါ်ဆိုခြင်း (Group Video Call) အား အသုံးပြုသူ ပမာဏ ၂၇%၊ အုပ်စုဖွဲ့ ဖုန်းခေါ်ဆိုခြင်း (Group Audio Call) အား အသုံးပြုသူ ပမာဏ ၁၅% နှင့် တစ်ဦးချင်း သီးသန့်ဆက်သွယ်ပြောဆိုခြင်းအား အသုံးပြုသူ ပမာဏ ၁၃% စသဖြင့် အသီးသီး တိုးမြှင့်လာခဲ့သည်ကို တွေ့ရှိရသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ Content Creator များနှင့် ကုန်ပစ္စည်းအမှတ်တံဆိပ်များ သည်လည်း Viber အား ၄င်းတို့၏ ဒစ်ဂျစ်တယ်ချန်နယ်တစ်ခုအဖြစ် မြင့်မားစွာ အသုံးပြုလာကြသည်ကိုလည်း တွေ့မြင်ရသည်။

ဥပမာအားဖြင့် ဒဿနများ၊ အချစ်၊ ဘဝ စသည်တို့နှင့် သက်ဆိုင်သည့် အကြောင်းအရာများအား ၄င်းတို့၏ Viber ချန်နယ်တွင် မျှဝေလေ့ရှိသည့် နာမည်ကျော် စာရေးသူများဖြစ်သည့် ကျေးကို နှင့် သျှင်ယွန်း တို့သည် Viber ချန်နယ်တွင် နှစ်ဦးပေါင်း Subscribers အရေအတွက် ၄.၃ သန်းအထိ ရရှိခဲ့ပြီဖြစ်သည်။ ထိုနည်းတူစွာ အစားအသောက်နှင့် ဖျော်ဖြေရေး အကြောင်းအရာများအား မျှဝေလေ့ရှိသည့် အစားအသောက် ဘလော့ဂါတစ်ဦး ဖြစ်သူ ဟိဏ်းသစ် သည်လည်း Viber ချန်နယ်တွင် လက်ရှိ Subscriber အရေအတွက်ပေါင်း ၅ သိန်းကျော် ရှိနေပြီ ဖြစ်သည်။

အလားတူပင် ပညာရေးနှင့်ပတ်သက်သည့် သင်ခန်းစာများနှင့် အကြောင်းအရာများအား မျှဝေလေ့ရှိသည့် Best Guide နှင့် MyanLearn App များ၏ Viber Channel များတွင် စုစုပေါင်း Subscribers အရေအတွက် ၇ သိန်း ၃ သောင်းကျော် ရှိနေပြီ ဖြစ်သည်။ ထို့အပြင် Subscribers အရေအတွက် ၆ သိန်း ၃ သောင်းကျော်ပိုင်ဆိုင်ထားသည့် ခရီးသွားလာခြင်း နှင့် ပတ်သက်သည့် သတင်းအချက်အလက်များအား မျှဝေပေးလျက်ရှိပြီး အသုံးပြုသူများ၏ လိုအပ်ချက်များ အပေါ် မူတည်၍ ခရီးအစဥ်အစအဆုံး ကူညီစီစဉ်ဆောင်ရွက်ပေးနေသည့် မြန်မာနိုင်ငံတွင်အကြီးမားဆုံး ခရီးသွားဝန်ဆောင်မှု လုပ်ငန်း Flymya ၏ Experience Myanmar Viber ချန်နယ် နှင့် ပူးပေါင်း၍လည်း Viber Chatbot ဝန်ဆောင်မှုအား မကြာသေးမီက မိတ်ဆက်ပေးနိုင်ခဲ့သည်။

မြန်မာနိုင်ငံသည် Viber ၏ အဓိက အရေးပါသည့် ဈေးကွက်တစ်ခုဖြစ်သည်နှင့်အညီ ၄င်း၏ နောက်ဆုံးပေါ် နည်းပညာများနှင့် စွမ်းဆောင်ရည်များအား မြန်မာပြည်သူပြည်သားများ ပိုမိုအသုံးပြုနိုင်စေရန်အတွက် Viber ၏ ကမ္ဘာလုံးဆိုင်ရာ ကမ်ပိန်းများကိုလည်း မြန်မာဘာသာဖြင့် ဆက်လက်မျှဝေပေးသွားမည်ဖြစ်သည်။Viber ၏ လုပ်ဆောင်ချက်နှင့် ဝန်ဆောင်မှုများအား စဥ်ဆက်မပြတ် တိုးမြှင့်သွားရန်နှင့် ဈေးကွက်ချဲ့ထွင်ရန် အတွက် Mr. Eyal ၏ ရှင်းလင်းပြတ်သားသည့် ဦးဆောင်မှုများနှင့်အတူ Viber အနေနှင့် လာမည့်နှစ်များအတွင်းတွင်လည်း ဆန်းသစ် ခေတ်မီသည့် ကမ္ဘာလုံးဆိုင်ရာ ဦးဆောင် စာတိုပေးပို့ရေး အက်ပလီကေးရှင်းတစ်ခု အဖြစ် ရပ်တည်သွားနိုင်ရန် မျှော်မှန်း ဆောင်ရွက်လျက် ရှိသည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top