ဗင်းဆင့်ဗန်ဂိုးနဲ့ ပေါဂေါ်ဂင်တို့ ပြည့်တန်ဆာခန်း သွားတဲ့အကြောင်း ရေးထားတဲ့စာ ယူရို ၂၁၀,၆၀၀ ဖြင့် လေလံအောင်မြင်

19-6-2020-yyl-037-1.jpg

ပြည့်တန်ဆာခန်း သွားခဲ့တဲ့အကြောင်း အသေးစိတ်ရေးထားတဲ့ ဗင်းဆင့်ဗန်ဂိုးနဲ့ ပေါဂေါ်ဂင်တို့ရဲ့ ပေးစာတစ်စောင်ဟာ ယူရို ၂၁၀၆၀၀ နဲ့ လေလံအောင်မြင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့က ပါရီမြို့၊ ဒရူအော့လေလံခန်းမမှာ ကျင်းပခဲ့တဲ့ လေလံပွဲမှာ အဲဒီစာကို ဗင်းဆင့်ဗန်ဂိုးဖောင်ဒေးရှင်းက လေလံအောင်ခဲ့တာပါ။ ကမ္ဘာကျော်ပန်းချီဆရာတွေဖြစ်တဲ့ ဗင်းဆင့်ဗန်ဂိုးနဲ့ ပေါဂေါ်ဂင်တို့က ၁၈၈၈ ခုနှစ်နှောင်းပိုင်းမှာ သူတို့ရဲ့မိတ်ဆွေဖြစ်တဲ့ ပြင်သစ်ပန်းချီဆရာ အမ်မလီဘားနက်ဒ်ထံ ပေးပို့ခဲ့တဲ့စာ ဖြစ်ပါတယ်။

အဲဒီစာကို ရေးသားခဲ့ချိန်တုန်းက ဗင်းဆင့်ဗန်ဂိုးနဲ့ ပေါဂေါ်ဂင်တို့ဟာ ပြင်သစ်နိုင်ငံ အာလိစ်မြို့မှာ အတူနေထိုင်ပြီး ပန်းချီဆွဲနေချိန်ပါ။ သူတို့က အနုပညာ မဟာအလင်းပွင့်မှုကာလကို ဦးဆောင်ခဲ့ပြီး သူတို့ရဲ့ပန်းချီတွေကို နှောင်းလူတွေပဲ ခံစားနားလည်နိုင်မယ်လို့ ဗင်းဆင့်ဗန်ဂိုးနဲ့ ပေါဂေါ်ဂင်တို့နှစ်ယောက်လုံး သတိထားမိခဲ့ကြတယ်လို့ လေလံကုမ္ပဏီက ပြောပါတယ်။ အာလိစ်မြို့မှာ လနဲ့ချီပြီး အတူနေခဲ့ကြတဲ့ ဗင်းဆင့်ဗန်ဂိုးနဲ့ ပေါဂေါ်ဂင်တို့ဟာ နောက်ပိုင်းမှာတော့ မိတ်ဆွေအဖြစ်ကနေ ပြတ်စဲပြီး ဂေါ်ဂင်ကလည်း အာလိစ်မြို့ကနေ ထွက်သွားခဲ့ပါတယ်။ အဲဒီစာရေးပြီးနောက် သီတင်းပတ်တော်တော်ကြာချိန်မှာတော့ ဗင်းဆင့်ဗန်ဂိုးက စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားခဲ့ရပြီး ကိုယ့်နားရွက် ကိုယ်ဖြတ်ခဲ့ပါတယ်။ ဟော်လန်ပန်းချီဆရာ ဗင်းဆင့်ဗန်ဂိုးဟာ ၁၈၉၀ ပြည့်နှစ်မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တာပါ။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၉ ရက်ကစပြီး အဲဒီစာကို အမ်စတာဒမ်မြို့ရဲ့ ဗင်းဆင့်ဗန်ဂိုးပြတိုက်မှ ခင်းကျင်းပြသထားမယ်လို့ ဆိုပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top