ပွာတိုရီကိုပြည်နယ်မှာ အင်အားပြင်းငလျင် လှုပ်ခတ်လို့ နာမည်ကျော် ကျောက်သားပေါင်းမိုး ပြိုကျ

yyl-002-2.jpg

ပွာတိုရီကိုပြည်နယ်မှာ အင်အားပြင်းငလျင် လှုပ်ခတ်လို့ ကမ္ဘာလှည့်ခရီးသည်တွေကြား ရေပန်းစားတဲ့ ကျောက်သားပေါင်းမိုး ပြိုကျခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့က ပွာတိုရီကိုကျွန်း တောင်ပိုင်းကမ်းလွန်ဘက်မှာ မြေအောက်အနက် ၃.၇ မိုင်အကွာကို ဗဟိုပြုပြီး ပြင်းအား ၅.၈ မဂ္ဂနီကျူ့စ်ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့ပါတယ်။ ငလျင်လှုပ်ခတ်မှုကြောင့် ပန်တာဗန်တာနာလို့ လူသိများတဲ့ ကျောက်သားပေါင်းမိုး ပြိုကျခဲ့ပြီး နေအိမ်တွေပျက်စီးခဲ့သလို ဓာတ်အားလိုင်းတွေလည်း ပြတ်တောက်ခဲ့ပါတယ်။ ဒါပေမဲ့ ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ရတာမျိုး မရှိသလို သေဆုံးသူရှိတယ်ဆိုတဲ့ သတင်းမတွေ့ရပါဘူး။ ငလျင်လှုပ်ခတ်ပြီးနောက် ၄ နာရီအကြာမှာ ပြင်းအား ၅.၁ မဂ္ဂနီကျူ့စ်ငလျင် အပါအဝင် ထပ်ကျော့ငလျင်တော်တော်များများ လှုပ်ခတ်ခဲ့ပါတယ်။

ငလျင်လှုပ်ခတ်ပြီးနောက် လူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေအရ နေအိမ်တွေ အုတ်မြစ်ကနေ လဲပြိုပြီး ပြိုကျခဲ့တဲ့ အဆောက်အအုံတွေက ကားတွေကို ပိနေခဲ့ပါတယ်။ ပန်တာဗန်တာနာ ကျောက်သားပေါင်းမိုးဟာ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နေတဲ့ ဂွာယာနီယာမြို့ရဲ့ အထင်ကရနေရာဖြစ်ပါတယ်။ မြောက်အမေရိကနဲ့ ကာရေဘီယံပြတ်ရွေ့ကြောကြားမှာ တည်ရှိတဲ့ ပွာတိုရီကိုပြည်နယ်ဟာ အရင်တုန်းကလည်း ငလျင်လှုပ်ခတ်မှုတွေကြောင့် အထိနာခဲ့ဖူးပါတယ်။ ၂၀၁၇ ခုနှစ် စက်တင်ဘာလကလည်း ဟာရီကိန်းမုန်တိုင်း မာရီယာတိုက်ခတ်ခဲ့လို့ ပွာတိုရီကိုပြည်နယ်တစ်ခုတည်းမှာ လူ ၂၉၇၅ ဦး သေဆုံးခဲ့ပြီး ထိခိုက်ပျက်စီးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၀ ဘီလျံရှိခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top