မိုနာလီဇာ(Mona Lisa) ဘယ်သူလဲ။

Monalarge.jpg

လီယိုနာဒို ဒါဗင်ချီရဲ့ မိုနာလီဇာပန်းချီကားဟာ မသိသူမရှိလောက်အောင် ကျော်ကြားတဲ့အနုပညာတစ်ခုဖြစ်ပါတယ်။

မိုနာလီဇာအပြုံးလို့ တင်စားကြသလို ရုပ်ရှင်တွေ ကဗျာတွေ ဝတ္တုတွေမှာ အလှဘွဲ့တွေအမျိုးမျိုး ဖွဲ့ဆိုထားကြတာလည်း တွေ့နိုင်ပါတယ်။ အားလုံးအဖြေမရှာနိုင်သေးတဲ့အချက်က မိုနာလီဇာဟာ ဘယ်သူလဲဆိုတာပါပဲ။ ဒီလိုနက်နဲတဲ့အပြုံးမျိုးရှိတဲ့ အမျိုးသမီးဟာ ဘယ်သူဖြစ်ပါသလဲဆိုတာ အခုထိရေရေရာရာ မပြောနိုင်ကြသေးပါဘူး။

မိုနာလီဇာပန်းချီကားကို ၁၅၀၃ခုနှစ်နဲ့ ၁၅၀၆ခုနှစ်ကြားမှာ ရေးဆွဲခဲ့မယ်လို့ ခန့်မှန်းကြပါတယ်။ တစ်ချို့ကတော့ ၁၅၁၃မတိုင်မီအထိ မဆွဲရသေးဘူးလို့ ဆိုကြပါတယ်။ အခုအချိန်မှာတော့ ဒီပန်းချီကားဟာ ပြင်သစ်နိုင်ငံ လူ့ဗ်ပြတိုက် (Louvre Museum) မှာ ပြသထားပါတယ်။ Monaဆိုတာ အီတလီဘာသာစကားနှင့်ဆိုရင် Madam လို့ အဓိပ္ပာယ်ရပါတယ်။ မိုနာလီဇာပန်းချီကားထဲက မော်ဒယ်ဟာ ဘယ်သူလဲဆိုတာနဲ့ ဒီလိုအဓိပ္ပာယ်အမျိုးမျိုးရတဲ့ အပြုံးမျိုးကို စိတ်ဝင်စားကြသူတွေဟာ စူးစမ်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဂျာမဏီနိုင်ငံ ဟိုက်ဒဲလ်ဘာ့ခ်ျတက္ကသိုလ် (Heidelberg University) သုတေသီတစ်ချို့ရဲ့ လေ့လာချက်အရတော့ မိုနာလီဇာဟာ ဖလောရင့်မြို့က ကြွယ်ဝချမ်းသာတဲ့ ပိုးကုန်သည်ကြီး ဖရန်စကိုဒယ်ဂျီအိုကွန်ဒို(Francesco del Giocondo)ရဲ့ ဇနီးဖြစ်သူ လီဇာဒယ်ဂျီအိုကွန်ဒို (Lisa del Giocondo)ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒီအချက်ဟာ လီယိုနာဒိုရဲ့ ပန်းချီမှတ်စုစာအုပ်တစ်အုပ်ရဲ့ စာသားတွေထဲက မှတ်ချက်အချို့ကို ကိုးကားဖော်ပြထားပါတာဖြစ်ပါတယ်။ တစ်ချို့ပညာရှင်တွေကတော့ လက်မခံကြပါဘူး။ သူမရဲ့ပန်းချီကားချပ်ဟာ မိုနာလီဇာမဟုတ်ပဲ တစ်ခြားပန်းချီတစ်ချပ်သာ ဖြစ်တယ်လို့ ဆိုပါတယ်။

မိုနာလီဇာဖြစ်တယ်လို့ အဆိုပြုကြတဲ့ တစ်ခြားအမျိုးသမီးများလည်း ရှိခဲ့ပါသေးတယ်။ မီလန်မြို့စားကတော်အာရာဂွန်ရဲ့ အစ္စဘယ်လာ၊ ဆီယင်နာမြို့သူ စီဆယ်လီယာဂယ်လာရာနီ၊ ဖရန်ကာဗီလာမြို့စားကတော်၊ မန်တူမြို့က အစ္စဘယ်လာဒီအက်စ်တီအစရှိတဲ့ အမျိုးသမီးတို့ပဲဖြစ်ပါတယ်။

စိတ်ဝင်စားစရာကောင်းတဲ့ နောက်ထပ်အချက်တစ်ခုကတော့ မိုနာလီဇာဆိုတာ ဘယ်သူမှ မဟုတ်ဘူး။ လီယိုနာဒိုဒါဗင်ချီကိုယ်တိုင်ပါပဲလို့ အဆိုပြုလာကြတဲ့သူတွေလည်း ရှိလာပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒါဗင်ချီရေးဆွဲခဲ့တဲ့ ကိုယ်တိုင်ရေးပုံတူရဲ့ မျက်နှာအချိုးအစားအားလုံးဟာ မိုနာလီဇာပန်းချီက အမျိုးသမီးမျက်နှာအတိုင်း အချိုးအစားတွေ ထပ်တူကျလျက်ရှိပါတယ်လို့ လေ့လာတွေ့ရှိကြတာကြောင့်ပါ။ ဒါ့အပြင် ဒါဗင်ချီဟာ ယောက်ျားလေးအဖော်တွေနဲ့ အတူတူနေထိုင်သွားလာမှုတွေ ရှိခဲ့တာကြောင့် နောက်ပြောင်ပြီးတော့ပဲ ဖြစ်ဖြစ် မိုနာလီဇာအဖြစ် သူ့က်ိုယ်သူသရုပ်ဖော်ခဲ့တယ်လို့ ဆိုကြပါတယ်။ မိုနာလီဇာရဲ့ မျက်လုံးတွေကို အနုစိတ်မှန်ဘီလူးနဲ့ လေ့လာကြည့်မယ်ဆိုရင် ဘယ်ဘက်မျက်လုံးထဲမှာ LVဆိုတဲ့စာလုံးကို ထင်ထင်ရှားရှားကို မြင်တွေ့နိုင်ပါတယ်။

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top