ချဲလ်ဆီးနည်းပြတစ်ယောက်က ကုန်ကျစရိတ်များလွန်းလို့ အကယ်ဒမီကို ပိတ်ခိုင်းခဲ့

yyl-9-9-022.jpg

ချဲလ်ဆီးအသင်းနည်းပြ(ဟောင်း)တစ်ယောက်က အသင်းရဲ့လူငယ်အကယ်ဒမီကို ပိတ်ပစ်ဖို့ အသင်းပိုင်ရှင် အေဘရာမိုဗစ်ကို တိုက်တွန်းခဲ့ဖူးတယ်လို့ ချဲလ်ဆီးအသင်း ဒါရိုက်တာဟောင်း အမ်မီနာလိုက ဖွင့်ချခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ချဲလ်ဆီးအသင်းနဲ့ လမ်းခွဲခဲ့တဲ့ အမ်မီနာလိုဟာ ချဲလ်ဆီးမှာ အခန်းကဏ္ဍ အမျိုးမျိုးကနေ ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်ပြီး မော်ရင်ဟို၊ ဗီလာဘိုအာ့စ်၊ အန်စလော့တီ၊ ကွန်တီတို့ စတဲ့ နည်းပြတွေ လက်အောက်မှာ လူငယ်ကစားသမားတွေ ဖွံ့ဖြိုးတိုးတက်လာအောင် တာဝန်ယူရသူပါ။

ကုန်ကျစရိတ် များလွန်းတယ်လို့ အကြောင်းပြချက်ပေးပြီး နည်းပြတစ်ယောက်က လူငယ်အကယ်ဒမီကို ပိတ်ပစ်ဖို့ တိုက်တွန်းခဲ့ပေမဲ့ အမ်မီနာလိုကတော့ အသင်းပိုင်ရှင် အေဘရာမိုဗစ်ရဲ့ ထောက်ခံအားပေးမှုကြောင့် နည်းပြဖြစ်သူရဲ့ အစီအစဉ်တွေကို လျစ်လျူရှုနိုင်ခဲ့ပါတယ်။ အသင်းပိုင်ရှင် အေဘရာမိုဗစ်က လူငယ်အကယ်ဒမီကနေ အသင်းကြီးအတွက် ကစားသမားတွေ မွေးထုတ်ပေးနိုင်ဖို့ အစဉ်အမြဲ လိုလားခဲ့သူပါ။ လူငယ်အကယ်ဒမီက ငွေဖြုန်းရာရောက်တယ်လို့ အဲဒီနည်းပြက စောဒကတက်ခဲ့ပေမဲ့ အေဘရာမိုဗစ်က အမ်မီနာလိုကို ထောက်ခံခဲ့ပြီး အကယ်ဒမီကို ဆက်လက်လှုပ်ရှားခွင့်ပေးခဲ့ပါတယ်။

အခုအချိန်မှာတော့ ချဲလ်ဆီးအသင်းဟာ လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမားတွေကို အားကိုးအားထားပြုနိုင်ပြီဖြစ်ပါတယ်။ ဒီရာသီမှာ ချဲလ်ဆီးအတွက် ဂိုးအများဆုံး သွင်းပေးထားတဲ့ တိုက်စစ်မှူး အေဘရာဟမ်၊ တောင်ပံကစားသမား မေဆင်မောင့်၊ နောက်ခံလူ တိုမိုရီတို့အားလုံး အကယ်ဒမီထွက် ကစားသမားတွေ ဖြစ်ပြီး နည်းပြ လမ်းပတ်လာက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်ရနေသူတွေပါ။ ချက်၊ ဘူလ်ဂေးရီးယားတို့နဲ့ ကစားမယ့်ပွဲစဉ်တွေအတွက် အင်္ဂလန်လက်ရွေးစင်အသင်းက သူတို့(၃)ယောက်ကို ခေါ်ယူထားပါတယ်။ ဟက်ဆန်အိုဒိုရီ၊ ရိစ်ဂျိမ်းစ် စတဲ့ ကစားသမားတွေကလည်း အကယ်ဒမီထွက်တွေဖြစ်ပြီး ချဲလ်ဆီးအသင်းမှာ ပွဲကစားခွင့်ရရှိနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top