ကာနယ်လိုအယ်ဗာရက်ဇ်နဲ့ ဂလော့ကင်တို့ တတိယပွဲ ထိုးသတ်ဖို့ သဘောတူညီ

18-3-2020-yyl-022.jpg

မက္ကဆီကိုလက်ဝှေ့ကျော် ကာနယ်လိုအယ်ဗာရက်ဇ်နဲ့ ကာဇက်စတန် လက်ဝှေ့သမား ဂလော့ကင်တို့ တတိယမြောက် လက်ဝှေ့ပွဲစဉ် ထိုးသတ်ဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ Athletic သတင်းဌာနက ဖော်ပြပါတယ်။ ဝိတ်တန်း ၄ တန်းချန်ပီယံ ကာနယ်လိုအယ်ဗာရက်ဇ်ဟာ မေလ ၂ ရက်ကျရင် စူပါမစ်ဒယ်ဝိတ်တန်းရဲ့ အငြင်းပွားဖွယ်မရှိ ချန်ပီယံအဖြစ် အဖြေထုတ်ဖို့ လက်စ်ဗီးဂတ်မြို့မှာ အင်္ဂလန်လက်ဝှေ့သမား ဘီလီဂျိုးဆန်းဒါးစ်နဲ့ ထိုးသတ်ဖို့ ရှိနေပါတယ်။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ပျံ့နှံ့မှုကြောင့် အဲဒီပွဲစဉ်ကို ဆိုင်းငံ့ရဖို့ ရှိနေပါတယ်။ ကာနယ်လိုအယ်ဗာရက်ဇ်ဟာ ဘီလီဂျိုးဆန်းဒါးစ်နဲ့ပွဲစဉ်မတိုင်ခင် ဂလော့ကင်နဲ့ ထိုးသတ်ဖွယ်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ကာနယ်လိုအယ်ဗာရက်ဇ်နဲ့ ဂလော့ကင်တို့ ထိုးသတ်ခဲ့တဲ့ ပထမဆုံးပွဲစဉ်ဟာ အငြင်းပွားဖွယ် သရေပွဲဖြစ်ခဲ့ပြီး ဒုတိယပွဲစဉ်မှာတော့ ကာနယ်လိုအယ်ဗာရက်ဇ်က IBF ၊ IBO မစ်ဒယ်ဝိတ်တန်းချန်ပီယံ ဂလော့ကင်ကို အမှတ်နဲ့ အနိုင်ရခဲ့ပါတယ်။ အဲဒီပွဲစဉ်ဟာ ဂလော့ကင်အတွက် လက်ဝှေ့သမားဘဝတစ်လျှောက် ပထမဆုံး ရှုံးပွဲဖြစ်ပါတယ်။ ဂလော့ကင်ဟာ လက်ဝှေ့သမားဘဝမှာ ပွဲ(၄၀)နိုင်၊ (၃၅ ပွဲ အလဲထိုး)၊ ၁ ပွဲရှုံး၊ ၁ ပွဲသရေရလဒ် ထွက်ပေါ်ခဲ့ပြီး ကာနယ်လိုအယ်ဗာရက်ဇ်ကတော့ (၅၃)ပွဲနိုင်၊ (၃၆ ပွဲ အလဲထိုး)၊ ၁ ပွဲရှုံး၊ ၂ ပွဲသရေ ရလဒ် ထွက်ပေါ်ခဲ့သူပါ။ ကာနယ်လိုအယ်ဗာရက်ဇ်နဲ့ ဂလော့ကင်တို့ရဲ့ ပွဲစဉ်ကို စက်တင်ဘာလ ၁၂ ရက်ကျရင် ဒဲလက်စ်မြို့နားက AT&T အားကစားကွင်းမှာ ကျင်းပဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top